ဖာရော၏ လူဖမ်းပွဲ

မောရှေသည် ဣသရေလလူမျိုးများနှင့်အတူ ပင်လယ်ကို ဖြတ်ကျော်ရန်ရောက်ရှိနေသည်။ လွန်လေပြီးသောကာလတို့သည် ဣသရေလလူမျိုးများအတွက် အလွန်ပင်းပန်းလွန်းလှသည်။ ဥပဒေမဲ့စွာ ဖိနှိပ်ချုပ်ခြယ်ခြင်းနှင့် မတရားစေခိုင်းခြင်းကို နှစ်ပေါင်း လေးရာ ကျွန်ခံခဲ့ရသည့်အတွက် ဖာရော၏ အာဏာရှင်ဆန်မှုကို ရွံကြောက်ကြီးတော့ ဖြစ်နေခဲ့ပေလိမ့်မည်။ သို့သော်လည်း ယခုမှာ လွတ်မြောက်လေပြီ။
ကျေးဇူးတော်ကြောင့် မောရှေအားဖြင့် လွတ်မြောက်ခွင့်ရခဲ့ပြီဖြစ်သောကြောင့် အိပ်မက်ကိုယ်စီနှင့် တစ်ယောက်က မွေးမြူရေးလုပ်မယ်၊ ငါကတော့ စိုက်ပျိုးရေးလုပ်မှာ၊ ငါကတော့ ဆေးကုတာစိတ်ဝင်စားတယ်၊ ငါကတော့ ကုန်ရောင်းကုန်ဝယ်လုပ်မယ်၊ ငါ့တို့သားသမီး မြေးမြစ်တွေကတော့ ကောင်းစားပါပြီ စသဖြင့် စကားစမြည်ပြောကာ ရွှင်မြူးနေကြမည်ထင်ပါသည်။ ဟုတ်ပါသည်။ သက်ဦးစံပိုင် အာဏာရှင် ဖာရောလက်မှ လွတ်လပ်ခြင်း အရသာကို ကောင်းစွာမြည်းစမ်းခွင့်ရခဲ့ပြီဖြစ်သည် မဟုတ်ပါလား။
သို့သော်လည်း သိပ်မကြာခင်မှာပင် ဖာရောသည် နောင်တမရ။ စိတ်နှလုံးခိုင်မာကာ ဣသရေလလူမျိုးများကို ပြန်လည် ဖမ်းဆီးရန် သူ၏ တပ်မဟာကို ညွှန်ကြားခဲ့လေသည်။ ထို့ကြောင့် "ခွေးမြည်းကောက် ကျည်ထောက်စွပ်" ဆိုသလို "မိမိအံဖတ်ကို မိမိပြန်စားသော ခွေး" ကဲ့သို့ ဖာရော၏ စစ်တပ်ကြီးသည် အလုံးအရင်း ချီတက်လာလေတော့သည်။ ဖာရော၏ မြင်းများ၊ ရထားများ၊ ရထားစီးသူရဲ စသဖြင့်သော စစ်သည် ဗိုလ်ပါများသည် ဣသရေလတို့ရှိရာ ဧဒုံပင်လယ်သို့ အားရပါးရ ချီတပ်လာခြင်းကြောင့် မြင်းခွာသံများကိုပင် အတိုင်းသားကြားကာ ဖုန်အလိပ်လိုက် တက်လာခြင်းကိုပင် မြင်တွေ့ရဦးမည်ဟု ကျွန်ုပ်ထင်မိပါသည်။
ဣသရေလတို့၏ အိပ်မက်များ၊ မျှော်လင့်ချက်များ၊ အနာဂတ်များ၊ မျိုးရိုးစဥ်ဆက်အတွက် အရာရာကို ရိုက်ချိုးခံလိုက်ရလေပြီ။ အဘယ့်ကြောင့်ဆိုသော် ဖာရောလက်အောက်တွင် သူတို့အတွက် နေရာမရှိ၊ ခံစားခွင့်မရှိ၊ ဥပဒေမရှိ၊ ကာကွယ်ပေးမည့်သူမရှိသောကြောင့်ပင်ဖြစ်သည် မဟုတ်ပါလား။ ဣသရေလတို့၏ အိပ်မက်များ ကြေမွပျက်ဆီးသွားပြီ၊ ယခုလည်း သေဆုံးရတော့မည်ဟု စိတ်ခံစားချက်တွေကြောင့် ထာဝရဘုရားကိုလည်း အော်ဟစ်ကြကာ မောရှေအားလည်း အပြစ်တင်ခဲ့ကြသည်ကိုလည်း ကျွန်ုပ်တို့မြင်တွေ့ရသည်မဟုတ်ပါလား။
ဖာရောသည်လည်း ကြုံတွေ့ခဲ့ရသော နမိတ်လက္ခဏာများကို နောင်တရချင်ယောင်သာဆောင်ခဲ့သောကြောင့် အထိနာခဲ့သည်ကိုပင် မေ့နေပြီထင်ရသည်။ ကျိုင်း၊ ဖား၊ သွေး၊ စသဖြင့်များကို သူဟန်ဆောင်နောင်တရခဲ့သော်လည်း အဆုံးတွင် သူ၏ ချစ်လှစွာသော သားကလေး သေဆုံးခဲ့မှသာလျှင် နောင်တရခဲ့သည်မဟုတ်ပါလား။ သို့မှသာ ဣသရေလလူတို့ကို လွှတ်ပေးခဲ့သည်။ သို့သော် ယခုမှာတော့ ပြန်လိုက်ဖမ်းခိုင်းခဲ့ပြန်လေပြီ။
ထွက်မြောက်ရာကျမ်း ၁၄:၂၈
ထိုသို့ ပင်လယ်ရေသည်ပြန်လာ၍၊ ပင်လယ်ထဲသို့လိုက်ဝင်သော ဖာရောဘုရင်၏ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်းတို့ကိုလွှမ်းမိုးသဖြင့်၊ တစ်စုံတစ်ယောက်မျှ မကျန်ရစ်ရ၊
သို့သော်လည်း ထိုအော်ဟစ်ခြင်းသည် ဖာရောလူများအတွက်တော့ ကျိန်စာအလားဖြစ်ခဲ့ရလေသည်။ ထာဝရဘုရားသည် မောရှေအား စေခိုင်းခြင်းအားဖြင့် ပင်လယ်နီကို နှစ်ခြမ်းကွဲစေကာ ဣသရေလလူတို့ကို လွတ်မြောက်စေခဲ့သော်လည်း ဖာရောလူများသည် ထိုပင်လယ်၌ပင် ခွေးသေဝက်သေသေဆုံးသွားခဲ့လေတော့သည်။ ဣသရေလလူများသည် များပါသော်လည်း ဖာရော၏တပ်ကို နိုင်ရန်အကြောင်းမရှိသလို၊ ဖိနှိပ်ခံဖြစ်သောကြောင့် စိတ်ဓါတ်များ ရိုက်ချိုးခံထားရသူများလည်းဖြစ်သည်။ တနည်းဆိုရလျှင် ဖာရောကို ငယ်ကြောက်၊ ဖာရောကလည်း သူတို့ကို ငယ်နိုင်ပင်ဖြစ်နေသည် မဟုတ်ပါလား။ ဒီနေရာမှာ သင်ယူစရာဆိုရင်ဖြင့် စစ်မှန်သောနောင်တရရန်၊ ဖာရောလိုလူ မဖြစ်စေရန်ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ ထာဝရဘုရားသည် ဣသရေလလူမျိုးတို့၏ အော်ဟစ်ခြင်းကို နားညောင်းခဲ့သကဲ့သို့ ယနေ့ ကျွန်ုပ်တို့၏ အော်ဟစ်ခြင်းကိုလည်း နားညောင်းဦးမည်ဖြစ်သည်။ ယနေ့မှာ မိတ်ဆွေနဲ့ကျွန်တော် ဘာတွေဖြစ်နေသလဲ၊ ဘာတွေ ရိုက်ချိုးခံလိုက်ရပြီလဲ၊ အိပ်မက်တွေ စိတ်ကူးတွေ၊ အနာဂတ်တွေ၊ မျိုးရိုးအလိုက် မျှော်လင့်စရာမရှိတော့ဘူးလား၊ စိတ်ဓါတ်တွေ အရမ်းကိုကျနေပြီလား။ ကျွန်ုပ်တို့၏ ငိုကြွေးခြင်းနဲ့အော်ဟစ်ခြင်းတွေက အချည်းနှီးမဖြစ်ပါဘူးဆိုတာကို နားလည်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးရှိပါစေ။ တော၌ လမ်းကိုဖြစ်စေသော ဘုရား၊ လွင်ပြင်၌ ရေကိုစီးစေသော ဘုရား၊ ပင်လယ်ကို နှစ်ခြမ်းကွဲစေသော ဘုရား ဖြစ်ပါသောကြောင့် ကျွန်ုပ်တို့၏ အော်ဟစ်ခြင်းတိုင်းသည် ထိုဘုရားကိုသာ အားကိုးကာ အော်ဟစ်ခြင်းဖြစ်ပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet