ပြီးပြည့်စုံသောသံစဥ်

သမ္မာကျမ်းစာထဲတွင် ရှုမောင်ဆိုသောသူ၏ အကြောင်းကို ဖော်ပြထားခြင်းသည် နေရာတစ်နေရာတွင်သာ သူ့အကြောင်းပါသည်။ သို့သော် သိပ်အရေးပါသော အရာတစ်ခုဖြစ်သည်။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကို ရိုသေသောသူ၊ ခရစ်တော်ကိုမမြင်မှီ မသေရဘူးဟု ဗျာဒိတ်တော်ကိုရထားသူ ဖြစ်သည်။ ထိုကာလ မရောက်မှီ လုံးဝမသေနိုင်သလို သူ၏ ယေရှုခရစ်တော်ကို မျှော်လင့်ခြင်းမှာ အင်မတန်စိတ်အားကြီးသည်ကိုတွေ့ရသည်။
ရှင်လုကာခရစ်ဝင် ၂:၂၅-၂၆
ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊
သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီ သေရဟုဗျာဒိတ်တော်ကိုရ၏။
ရှုမောင်ကတော့ ယေရှုကိုမမြင်ရခင် မသေဘူးလို့ ဗျာဒိတ်တော်ကိုရသလို၊ မြင်ရဖို့လဲ စိတ်အားကြီးသောသူဖြစ်ပါတယ်။ ကျွန်တော်တို့ ခရစ်ယာန်တွေကရော ဘုရားကျောင်းတော်မှ မှန်မှန်သွားခဲ့ဖူးရဲ့လား၊ ကျမ်းစာမှန်မှန်ဖတ်ရဲ့လား၊ မှန်မှန်ဆုတောင်းပါရဲ့လားဆိုသော မေးခွန်းများကို မိမိကိုယ်တိုင် ဆင်ခြင်ကာ ဖြေဆိုသင့်ပေသည်။ ဒီကိုဗစ်ကာလ ပြီးလို့ရှိရင် ဘယ်လိုလုပ်မလဲဆိုတာ ခုတည်းကဆင်ခြင်ထားဖို့လိုပါတယ်။
ရှုမောင်အကြောင်းကို နေရာတစ်နေရာတွင်သာဖော်ပြထားသော်လည်း သူ့အကြောင်းမပါလျှင် မပြည့်စုံပေ။ လူတွေကတော့ ဆရာတစ်ယောက် ကမ္ဘာပတ်ဟောမှ၊ တရားဟောပွဲ အကြီးကြီးလုပ်မှ၊ လူတွေအများကြီးလာမှ၊ ခဏခဏ နိုင်ငံခြားသွား တရားဟောမှ စသဖြင့်တွေကို မြင်တွေ့ရမှသာ ဘုရားသခင်သုံးတယ်၊ ဘုရားအရမ်းအသုံးပြုတာပါလား၊ ဘုရားကိုသိပ်ချစ်တာ၊ လို့ထင်တတ်ကြပါတယ်။
တောရွာမှာ အစေခံနေရသူတွေလည်း ဘုရားကိုသိပ်ချစ်ပါတယ်၊ လုပ်ငန်းခွင်ထဲမှာရှိနေသူတွေကိုလည်း ဘုရားသုံးပါတယ်၊ အသင်းတော်မှာ ထင်းခွဲရေခပ် ထမင်းအိုးတည်သူတွေကိုလည်း ဘုရားသုံးပါတယ်။ ဒါကိုတော့ သင်နားလည်ထားဖို့လိုပါတယ်။ သင့်အမြင်မှာ ဆရာတစ်ယောက်သည် ကမ္ဘာပတ်တရားဟောမှ ဘုရားသိပ်သုံးတယ်လို့ ယူဆနေလျှင်တော့ မကြာခင်မှာ အခြားဆရာသမားတွေကို အထင်အမြင်လွဲကာ စွပ်စွဲလာတတ်တော့မယ်ဆိုတာကို သတိပြုမိပါစေ။ ဒီဆရာလောက် ပြောတတ်လို့လား၊ သူ့လောက် ကမ္ဘာပတ်တရားဟောဖူးလား၊ သင့်ကြောင့် လူဘယ်လောက်ပြောင်းလဲပြီးပြီလဲ စသဖြင့်သော စကားတွေနှင့် စော်ကားလာတတ်ပါလိမ့်မယ်။
ဘင်ခရာတီးဝိုင်း၊ သီချင်းတီးဝိုင်းတစ်ခုခု၊ သံပြိုင်သီဆိုခြင်း စသဖြင့် ထိုအရာ တစ်ခုခုတို့တွင် တစ်ယောက်ယောက်သည် နေရာတစ်နေရာလောက်သာ တစ်ချက်နှစ်ချက်မျှသာ တီးရတတ်သည်၊ သီဆိုရတတ်သည်။ သူ့နေရာမှာသူ တီးမှ သီဆိုမှသာ ထိုသံစဥ်ပြည့်စုံသည်၊ ကောင်းမွန်သည်။ ထိုသို့မဟုတ်ပဲ သူနေရာတိုင်းတီးချင်တယ်၊ သီဆိုချင်တယ် ဒါမှသာ သူသိပ်တော်တယ်၊ သူ့ကို အသုံးပြုတယ်ထင်ရင်တော့ သံစဥ်ပျက်လို့ စုတ်ပျက်သတ်သွားပေမည်။ လှပ၍ ပြီးပြည့်စုံသော သံစဥ်ဘယ်လိုမှ ထွက်ပေါ်မလာနိုင်ချေ။
ဒါ့ကြောင့် တစ်နေရာသာ တီးရ၊ သီဆိုရသော်လည်း ထိုသံစဥ်သည် ပြည့်စုံလှပေသည်။ ဒီလိုပါပဲ ကမ္ဘာမပတ်ဘဲ တောမှာသာ အစေခံခြင်း၊ တရားပွဲကြီးမလုပ်ရပဲ ဝေစာလေးသာဝေရခြင်း၊ နေ့ရက်တိုင်း တရားဟောရခြင်းမလုပ်ရပဲ တစ်လတစ်ခါသာဟောရစေဦးတော့ ဘုရားသခင်ထားသော နေရာသာမှန်လျှင်တော့ ပြီးပြည့်စုံသော သံစဥ်တစ်ခုအလား လှပသောစေခိုင်းချက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်နေရာမှာဖြစ်ပါစေ၊ မိမိ၏ နေရာ၌ သစ္စာရှိစွာသာပါဝင်ကြပါစို့ဟု အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
မှတ်ချက်။ သင်ဟောပြောလို့ ပြောင်းလဲတာမဟုတ်ပါ။ ဘုရားသခင်သာ အပင်ကိုကြီးထွားစေသူဖြစ်တယ်၊ စိုက်ပျိုးသောသူ နှင့် ရေလောင်းသောသူမတတ်နိုင်ပါ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet
Edited: Sayama Eiei Soe