စကားပြောခြင်း အနုပညာ

"ပန်းသတင်း လေညှင်းဆောင် လူသတင်းလူချင်းဆောင်" ဆိုသော စကားပုံလေးကြားဖူးသည်။ ထိုလူချင်းဆောင်သော သတင်းသည် မွှေးပျံ့သော ရနံ့ကဲ့သို့ ကျော်ဇောသော လူ၏ ဂုဏ်အသရေကို ဆိုလိုသည်။
သို့သော် ထိုသတင်းထက် အတင်းကိုသာ သာ၍ နှစ်သက်ကြသည်မှာ ပိုများသည်။ လူချင်းဆုံလျှင် အတင်းပြောမည်၊ စကားမရှိ စကားရှာကာ ခေါင်းစဥ်တပ်၍ပြောမည်၊ လျှို့ဝှက်အပ်၏ မအပ်၏ကို မသိ၊ ပြောနေရလျှင်ကို ကျေနပ်နေသူတွေလည်း ရှိတတ်ကြသည်။
ထိုအထဲတွင် ယုံကြည်သူများလည်း မသိမသာ ပါနေတတ်ကြသည်။ စကားများလွန်းသောကြောင့် မိမိအတွင်းရေး၊ မိမိအိမ်တွင်းရေးအကြောင်း၊ မိမိ၏ လျှို့ဝှက်ချက် စသဖြင့် လျှို့ဝှက်အပ်သော အရာများကိုပင် ပြောမိမှန်းမသိဖြစ်ကာ ပြောမိတတ်ကြပေသည်။ ထိုအရာများမှတဆင့် "ကိုယ့်ပေါင် ကိုယ်လှန်ထောင်း" ဖြစ်ကာ မပြောသင့်သည်ကို ပြောမိကြသည်။
သုတ္တံကျမ်း ၂၀:၁၉
လည်၍ စကားများသောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ်သောသူနှင့် မပေါင်းဖော်နှင့်။
ထို့သို့နှင့် အတင်းပြောရာတွင်လည်း အကျင့်ပါလာကာ အရာရာကို ဖော်ထုတ်ပြောဆိုတတ်လာခြင်း၊ လျှို့ဝှက်အပ်သည်တိုင်းကို လျှောက်ပြောမိတတ်ခြင်း စသဖြင့်ရှိလာတတ်ကြသောကြောင့် သတိထားရှောင်ရှားသင့်သည်။ ချော့မော့၍ ပြောတတ်ကာ စကားအစ်သူများကိုလည်း သတိထားရှောင်ရမည်။ လိုအပ်လျှင် ပေါင်းဖော်ခြင်း မပြုအပ်ပေ။
ရှေ့တင်တမျိုး၊ ကွယ်ရာတမျိုး၊ အတင်းပြောတတ်ခြင်း၊ ဗလောင်းဗလဲပြောခြင်း၊ လျှို့ဝှက်အပ်သော အရာများကို မိမိစကားပြောခြင်းအမှုအရာကြောင့် ပညာမဲ့စွာ ပြောမိခြင်းများကို လုပ်မိနေပါသလား။ ဒါဆိုရင်တော့ ဆင်ခြင်ဖို့ရာ အင်မတန်မှ အရေးကြီးပါသည်။ မိတ်ဆွေ၏ နှုတ်မှ အတင်းထွက်သလား၊ သတင်းကောင်းထွက်သလား၊ လျှို့ဝှက်အပ်သောအရာကို ဖော်ပြမိသလား၊ ပြောသင့်ပြောထိုက်သော အရာကိုသာ ပြောသလားဆိုတာကိုတော့ စကားပြောရာမှာလည်း ပညာရှိစွာဖြင့် သမ္မာသတိနှင့် ပြောတတ်သောသူများဖြစ်စေဖို့ရန် အရေးကြီးတယ်ဆိုတာကို အနည်းငယ် တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet