မင်္ဂလာရှိသောသူ

မိုးရွာနေတဲ့အချိန်မှာ ကျွန်တော်ကားမောင်းနေပါတယ်။ ဒီလိုနဲ့တစ်နေရာအရောက်မှာ ရပ်လိုက်တယ်၊ ကားပေါ်က လူတစ်ယောက်ဆင်းသွားတယ်။ သူကားတံခါးကို ပြန်ပိတ်လိုက်တဲ့အခါမှာ ကားထဲကိုရေစလေးတွေ အရှိန်နဲ့ကန်ဝင်သွားတာကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ ထီးတွေကိုယ်စီ၊ မိုးကားတွေကိုယ်စီဝတ်ပြီး ကျောင်းသွားဖူးတဲ့အချိန်ကိုပြန်တွေးမိပါတယ်။ ဘယ်လိုပဲထီးဆောင်းထားပါစေ၊ မိုးကာဝတ်ထားပါစေ၊ မိုးရေထဲကိုသွားရင်တော့ အနည်းနဲ့အများဟာ မိုးစိုတာကို ညင်းမရဘူးမဟုတ်ပေဘူးလား။
မတရားသောသူတို့၏ တိုက်တွန်းခြင်းတွေရဲ့နောက်ကို မလိုက်ဘူးလို့ ဆာလံဆရာက ပြတ်သားစွာပြောဆိုတယ်။ အင်တင်တင်နဲ့ အေးကွာ တစ်ခါလောက်တော့လုပ်ကြည့်တာပေါ့လို့ မဆိုဘူးဆိုတာကိုတွေ့ရပါတယ်။ လူဆိုးတွေသွားရာလမ်းမှာလည်း ယောင်လို့တောင် မရပ်နေပါဘူးတဲ့လေ၊ မထီမဲ့မြင်ပြုတဲ့သူတွေရဲ့အစည်းအဝေး၌လည်းမထိုင်ပါဘူးလို့ဆိုပြန်လေရဲ့။ မိတ်ဆွေ ... မိုးရေထဲထွက်ရင်တော့ သင်နဲ့ကျွန်တော်သည် ဘာတွေကိုဝတ်ထားပါစေ၊ ဘာတွေနဲ့ကာနေပါစေ အနည်းဆုံးခြေထောက်နဲ့လက်တော့ ရေစိုမည်။ မဟုတ်တဲ့အရပ်၊ ဘုရားမနှစ်သက်တဲ့အရာ၊ မတရားသောအမှု၊ ဒုစရိုက်ကိုပြုရာလမ်းမှာ သင်နဲ့ကျွန်တော် ရောယှက်နေမိပါသလားဆိုတာကိုဆင်ခြင်ကြည့်ရအောင်။ ဘုရားသားသမီးဖြစ်သောသူတွေသည် ထိုအရာတွေနဲ့မအပ်စပ်သောကြောင့် အကယ်၍ ပါဝင်ပတ်သတ်နေမိတယ်ဆိုရင် ဒီကနေ့မှာ အဲ့ဒီနေရာကနေထွက်ခဲ့ပါလို့ ဆိုချင်ပါတယ်။ ဒီနေ့မှာ အဲ့ဒီအရပ်ကနေ လွတ်မြောက်ပြီး ထာဝရဘုရား၏ တရားလမ်း၌သာမွေ့လျော်သောသူဖြစ်စေဖို့ရာ ဘုရားရှင်သင့်ကို စကားပြောပါစေ။
ဆာလံကျမ်း ၁:၁-၂
မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊
လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
ကျွန်တော်တို့ယုံကြည်သူတွေဟာ ကိုယ်နဲ့မအပ်စပ်သော ထိုဘုရားသခင်မနှစ်သက်သော အမှုအရာတွေကို ရှောင်တတ်သောသူတွေဖြစ်စေပြီး ဗျာဒိတ်တော်ကိုနှလုံးသွင်းပြီး တရားတော်၌သာမွေ့လျော်၍ တရားတော်ကိုသာ နေ့ညမပြတ်ဆင်ခြင်အောက်မေ့တတ်သောသူတွေဖြစ်စေကြဖို့ရာ အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi