ဟဗက္ကုတ် - ၂

ဘုရားသခင်သည် အဓမ္မလူများအား အဘယ့်ကြောင့် ကြည့်နေသနည်း၊ အဘယ့်ကြောင့် မစီရင်သေးသနည်းဟူသည့် မေးခွန်းများနှင့် ဟဗက္ကုတ်ပြောဆိုနေသည့်အပေါ် အဖြေပြန်လာခြင်းဖြစ်သည်။
အဓမ္မပြုကြသည့် ယုဒလူမျိုးများအား ခါလဒဲလူမျိုးများဖြင့် စီရင်မည်ကိုလည်း သူသည် သဘောမကျ။ အဘယ့်ကြောင့်ဆိုသော် ယုဒတို့ထက် များစွာ ရိုင်းစိုင်းသည့် အမျိုး၊ ရက်စက်သည့် အနွယ်၊ သနားညှာတာမှုကင်းသည့် စစ်သည်များဖြစ်သည်။ ထိုသူတို့သာ ယုဒပြည်သို့ ဝင်ရောက်လာလျှင် ယုဒတိုင်းပြည်သည် မွဲပြာကျနိုင်ပေတော့မည်။
ဗာဗုလုန်တို့နှင့် စစ်မက်ဖြစ်ပွားခြင်းသည် ယုဒပြည်အား မငြိမ်မသက်ဖြစ်မည်။ များစွာပျက်ဆီးကြပေလိမ့်မည်။ ထိုခါလဒဲလူမျိုးများသည် ယုဒလူမျိုးတို့အား နှိပ်စက်မည့် အရိုင်းအစိုင်း၊ အောင်မြင်မှုသာ ဆာငတ်သည့် စစ်သည်၊ မဲမဲမြင်ရာကိုက်သည့် ခွေးရူးအလား တိုက်ပွဲဝင်တတ်သည့် ညှာတာမှုကင်းသော လူ့တိရစ္ဆာန်များပင်ဖြစ်ပေသည်မဟုတ်ပါလား။ ထို့ကြောင့်လည်း စောဒကတတ်ခြင်းဖြစ်ပေမည်။ ထိုအတွက် ထာဝရဘုရားသည် ဟဗက္ကုတ်အား ရူပါရုံကို ရေးမှတ်ထားပါဟုဆိုသည်ကို တွေ့ရပေသည်။
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၂:၃
ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကို ဆိုလို၏။ မုသာနှင့် ကင်းလွတ်၏။ ဆိုင်းသော်လည်း မြော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။
စီရင်ခြင်းသည် လာကိုလာမည်။ ထိုအဓမ္မလူတို့အတွက် ဘေးသည် ရောက်ကိုရောက်မည်။ မတရားသောသူတို့အတွက် ပြေးစရာမြေမရှိ၊ ရေမြေဆုံးထိပြေးလျှင်လည်း ထိုစီရင်ခြင်းသည် ပြေး၍လွတ်စရာအကြောင်းမရှိပေ။ ထို့ကြောင့် အဓမ္မလူတို့အတွက် စီရင်ခြင်းသည် ချိန်းချက်သော အချိန်အတိုင်း ရောက်ကိုရောက်လာပေတော့မည်။ ထိုရူပါရုံသည် မုသာစကားမဟုတ်၊ သင့်အတွက် နောက်ကျသည်ဟုထင်နိုင်စရာရှိသော်လည်း ဆက်လက်၍မျှော်လင့်ပါ။ နောက်ကျခြင်းမရှိပဲ အချိန်နာရီကွက်တိ ရောက်ကိုရောက်မည်။ ထိုစီရင်ခြင်းသည် ဧကန်အမှန်လာပေလိမ့်မည်ဟုပင်ဖြစ်ပေသည်။
ထိုအဓမ္မလူတို့အား စီရင်ခြင်းသည် သေချာပေါက်ကို လာမည်ဖြစ်သောကြောင့် လွတ်စရာလမ်းမရှိ။ သို့သော် ဖြောင့်မတ်သောသူ၊ ယုံကြည်ခြင်းရှိသောသူများမှာ ကင်းလွတ်ခွင့်ရပေမည်။ မတရားသော အဓမ္မလူတို့သည် လောဘကြီးကြသည် အတောမတတ်နိုင်သည့် လောဘတရားများကြီးစိုးနေခြင်း၊ ထိုလောဘတရားသည် သေမင်းကဲ့သို့ စိတ်မပြေနိုင်သောသူများပင်ဖြစ်လျှက် ကျယ်သောလမ်းအသွင်ဖြင့် သွေးဆောင်နေကြသည်။ မိမိလူမျိုးတို့အား အချင်းချင်းအမဲဖျက်နေသကဲ့သို့ လူကိုလူမျိုနေခြင်းအလား အဓမ္မတရားကြီးစိုးနေကြခြင်းဖြစ်ပေသည်။ မိမိစိတ်အလိုအတိုင်း အဓမ္မပြု၍ မိမိသာအကျိုးရှိစေသည်မဟုတ်ပါလား။
အဓမ္မလုယူခြင်း၊ လူ့အသတ်သတ်ခြင်း၊ ပြည်သူပြည်သားတို့အား ညှဥ်းဆဲခြင်းများကို အားရပါးရ လွန်ကျူးကာပျော်မွေ့နေကြခြင်းသည် မကြာခင် စီရင်ခြင်းခံရပေမည်။ မတရားသောစီးပွားကိုရှာကြသောသူ၊ မိမိဆွေမျိုးသားချင်းအတွက်သာကြည့်၍ မိမိအမျိုးအတွက်သာ မတရားသောစီးပွားရှာသောသူတို့သည်လည်း အမင်္ဂလာရှိကြပြီ။ မိမိ၏ လုပ်ဆောင်ချက်များအားဖြင့် ဆွေမျိုးသားခြင်းတို့အား အရှက်ကွဲစေပြီ၊ ကိုယ့်အသက်ကိုပြစ်မှားမိကြပြီဟုတွေ့ရလေသည်။
လု့အသတ်ကိုသတ်၍ ရွာကိုပင်တည်သောသူများ၊ အဓမ္မအမှုများကိုပြုခြင်းဖြင့် မိမိ၏မြို့ကို ခိုင်မာစေခြင်း၊ မတရားသဖြင့်ပြု၍ ဥပဒေတည်ခြင်းမည်သည်ပင် အမင်္ဂလာရှိကြပြီ။ လူ့အသတ်ကိုသတ်သော အပြစ်၊ ပြည်သူပြည်သားတို့အား ညှဥ်းဆဲသောအပြစ်များရှိကြသူတို့သည်လည်း ပြန်လည်ပေးဆပ်ရမည်။ ထိုသူအပေါင်းတို့သည် စီရင်ခြင်းခံကိုခံရမည်။
ကျွန်ုပ်တို့၏ စိတ်ပျော်ရာနေရာတွင် နေရခြင်းသည် နာရီပေါင်းများစွာကြာသော်လည်း ခဏတာပင်ထင်ရသော်ညား၊ နာကျင်ရသည့် မိနစ်ပိုင်းသည် ဆယ်ကမ္ဘာမျှကြာသကဲ့သို့ ခံစားကြရပေသည်။ ထိုကဲ့သို့ပင် အဓမ္မအမှုအရာများကို မြင်တွေ့နေရခြင်း၊ ကြုံတွေ့နေရခြင်း၊ မတရားသောသူတို့၏ ကောင်းစားခြင်းကို မြင်နေရခြင်းတို့သည် ဟဗက္ကုတ်အတွက်တော့ ကြာမြင့်နေပေလိမ့်မည်မဟုတ်ပါလား။
သို့သော်လည်း ချိန်းချက်သည့်အချိန်နာရီရောက်လာပေမည်။ ထိုရူပါရုံသည် ဟဗက္ကုတ်အတွက် နောက်ကျသရောင်ရှိနေမည် ထို့ကြောင့် ဆိုင်းသော်လည်း မျှော်လင့်ပါ နောက်မကျပါဘူး ဧကန်အမှန် စီရင်ခြင်းလာမည်ဟု ဘုရားသခင်ထံမှစကားပင်ဖြစ်သည်။ ထိုအရာကိုလည်း သူသည် ရေးမှတ်ခဲ့ပေသည်။ မတရားသောသူတို့၊ အဓမ္မလူတို့အတွက် စီရင်ခြင်းသည် ဆိုင်းငံ့နေသလိုထင်မိကြပါသော်လည်း ဆက်လက်၍မျှော်လင့်ပါ၊ နောက်မကျပဲ ဧကန်အမှန်လာပေလိမ့်မည်။
အနက်ဖွင့်သကဲ့သို့ အသေးစိတ် တိုင်းနိုင်ငံများ တရားစီရင်ခြင်း၊ အမင်္ဂလာ ဘယ်နှမျိုးဟူ၍ မရေးသားပဲ အဓမ္မလူတို့၏ စီရင်ခြင်းကိုသာ အဓိကထား၍ ဖော်ပြထားခြင်းဖြစ်ပါသည်။ ဤသည်မှာ ဟဗက္ကုတ် အခန်းကြီး ၂ တွင် မြင်တွေ့ရသော အဓမ္မလူ၊ မတရားသောလူ၊ လူ့အသတ်ကိုသတ်သောသူ၊ ပြည်သူပြည်သားတို့အား ညှဥ်းဆဲသောသူစသဖြင့်သော "အဓမ္မလူတို့အား ဘုရားသခင်၏ စီရင်ခြင်းသည်လာမည် ဆိုင်းသော်လည်း မျှော်လင့်ပါ နောက်မကျပဲ ဧကန်အမှန်လာလိမ့်မည်" ဟုဆိုသည့် ဟဗက္ကုတ်၏ ရူပါရုံပင်ဖြစ်ပေတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet