သတိပြုပါ

လောကကြီးထဲတွင် ဆင်းရဲ ချမ်းသာ၊ ဇာတ်မြင့် ဇောတ်နိမ့်၊ လူဖြူ လူမဲ၊ တိုင်းရင်းသား တိုင်းရင်းသူ၊ အာဏာရှင်၊ အစိုးရမင်း၊ ရှင်ဘုရင်၊ အစရှိသဖြင့် လူအမျိုးမျိုးရှိကြသော်လည်း အဆင့်အတန်းများစွာရှိနေကြသည်။ ပိုင်ဆိုင်မှုပေါင်းများစွာ ကွာဟလျှက်ရှိနေကြသည်။
ဘီလျံနှင့်ချီပြီး ချမ်းသာသူတွေရှိကြသလို၊ တစ်ရက်လုပ်မှ တစ်ရက်စာအနိုင်နိုင် ရှာဖွေစားသောက်ရသူတွေရှိတယ်၊ အချို့ လူကုန်ထံအသိုင်းအဝိုင်းမှလူတွေ သုံးဖြုန်းနိုင်ချိန်မှာ လမ်းထိပ်ထွက်ပြီး စံပယ်ပန်းရောင်းနေရသူတွေရှိတယ်၊ အာဏာရှင်တွေ အာဏာပြနေချိန်မှာ မေတ္တာနဲ့ပြောဆိုဆက်ဆံနေသူတွေရှိတယ်၊ ကုမ္ပဏီတွေ အခုတစ်ရာလောက် အမည်မဖော်ပြပဲ ပိုင်ဆိုင်နေသူတွေရှိနေချိန်မှာ အိမ်ငှားခတောင် မပေးနိုင်လို့ တောင်းပန်နေရသူတွေရှိမယ်၊ မြေကွက်ပေါင်းများစွာ ပိုင်ဆိုင်နေကြသူတွေရှိသလို ကျူးကျော်ရပ်ကွက် ဘယ်တော့ပျက်မလဲ ဘယ်တော့ရွှေ့ပေးရမလဲလို့ တွေးပူနေသူတွေရှိတယ်။
ရှင်မာကုခရစ်ဝင် ၈:၃၆-၃၇
လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။
မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။
ဒီအရာတွေအကုန်လုံးကို ပြန်ကြည့်မယ်ဆိုရင် မိတ်ဆွေ သင်အိမ်အလုံးတစ်ရာ ပိုင်ဆိုင်နေပါစေ သင်တစ်နေရာမှာပဲရှိနေမှာဖြစ်တယ်၊ သင်မြေဘယ်လောက်ပိုင်ပါစေ သင်သေရင် ကျောတစ်ခင်းစာပဲ လိုအပ်တယ်၊ သင့်ပိုင်ဆိုင်မှု ဘယ်လောက်ရှိနေပါစေ သင်သေရင် ယူသွားလို့မရဘူး၊ သင့်အာဏာကို စွဲမက်နေလို့လဲ သင်သေရင် အာဏာပြလို့မရဘူး။
တကယ်တော့ သင်မည်မျှပိုင်ဆိုင်နေပါစေ၊ မည်မျှအာဏာရှိပါစေ၊ မည်မျှ မာနကြီးနေပါစေဦးတော့ သင့်ရဲ့ အသက်ဝိညာဥ်ကို ကယ်တင်လို့မရဘူးဆိုတာကို နားလည်စေချင်ပါတယ်။ ချမ်းသာတာ၊ အာဏာရှိတာ၊ ပိုင်ဆိုင်မှုများတာသည် အပြစ်မဟုတ်ပါဘူး သို့သော် ထိုအရာတွေထက် ဝိညာဥ်ဆုံးရှုံးရမည့်အရေးသည် သာ၍ အရေးကြီးပါသည် မဟုတ်ပါလား။ သင့်အသက်သည် ဘယ်အချိန်မှာ နောက်ဆုံးဖြစ်မလဲ သင် မသိသလို မည်သူမျှမသိကြပါ။ သေရင်ပြီးသွားပြီဆိုတာ မဟုတ်သောကြောင့် သာ၍ သတိပြုသင့်သည်။
ဒါ့ကြောင့်မို့လို့ သင်သည် မည်မျှ ပိုင်ဆိုင်ပါစေ၊ စီးပွားမည်မျှ ရှာနေပါစေ၊ အာဏာ မည်မျှ ချုပ်ကိုင်နိုင်ပါစေ၊ သင့်ရဲ့ တမလွန်အရေးသည် ထိုအရာများ၏ လွှမ်းမိုးမှုနှင့် မသက်ဆိုင်သည်ကို သတိပြုပါဟု အနည်းငယ် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet