November 26, 2026

​စောင့်ဆိုင်းခြင်း တန်ခိုး

ကျွန်​တော်တို့က ​လောတတ်တယ်၊ ဒါ့​ကြောင့်လဲ စိတ်​မောတယ် လူ​မောတယ်။ အခု​ရေတွင်းတူး အခု​ရေကြည်​သောက်ချင်ကြတယ်။ ကိစ္စတစ်ခုခုကို အစပြုပြီဆိုရင် အခုချက်ခြင်း ပြီးဆုံးချင်တယ်၊ ​အောင်မြင်သွားချင်တယ်။ ​စောင့်ရတာဆိုရင် လုံးဝမကြိုက်ကြဘူး။ ဒါလူ့သဘာဝတစ်ခုပါပဲ။ ဒါ​ပေမယ့် ​ခေါက်ဆွဲပြုတ်​တောင် ၃မိနစ်​စောင့်ရ​သေးတာပဲ မဟုတ်ပါလား။ 

ဒေသနာကျမ်း ၃:၁
ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ကို ပြုရသောအချိန်ရှိ၏။

အရာရာတိုင်းမှာ အချိန်ဆိုတာရှိပါတယ်။ ​လူမှာ ​မွေးဖွားရတဲ့ အချိန်ရှိသလို ​သေဆုံးရတဲ့ အချိန်ဆိုတာလည်းရှိတယ်။ စိုက်ပျိုးရတဲ့ အချိန်ဆိုတာရှိသလို ရိတ်သိမ်းရတဲ့ အချိန်ဆိုတာလည်းရှိတယ်။ ​နောက်ဆုံး ကုန်ကုန်​ပြောရရင် ဘယ်​လောက်ပဲ ကြာရှည်ခံ​အောင် ​ဆောက်ထားတဲ့ အ​ဆောက်အဦးဖြစ်​နေပါ​စေ အချိန်တန်ရင် ပြန်လည် ဖြိုဖျက်ကြရတာပဲ မဟုတ်ပါလား။ ဒါ့​ကြောင့် ​ဒေသနာဆရာက​တော့ ခပ်သိမ်း​သော အမှုအရာတိုင်းသည် သူ့အချိန်နဲ့သူရှိ​နေတယ်လို့ ဆို​လေရဲ့။

ကျွန်​တော်တို့​တွေက ကိစ္စတစ်ခု​ခုကြောင့် စိတ်​လောကြတယ်။ ​နောက်ကျ​နေတယ်လို့ ခံစားမိကြတယ်။ ဒါ​ပေမယ့် အ​ကြောင်းအရင်းကို​တော့ မသိကြဘူး။ အဲဒီ​နောက်ကျ​နေခြင်းရဲ့ ​နောက်ကွယ်မှာ ကျွန်​တော်တို့အတွက် သက်​သေခံချက်​ပေါင်းများစွာ ဖြစ်လာနိုင်တယ် ဆိုတာကို ​မေ့​နေတတ်ကြတယ်။ ဘာဖြစ်လို့​နောက်ကျ​နေတာလဲ၊ ကျွန်​တော်တို့အတွက် အန္တရာယ်ရှိလို့လား၊ မသင့်​တော်လို့လား၊ သာ၍​ကောင်း​သောအရာ​ကြောင့်လား၊ ​ကျေးဇူး​​တော်ချီးမွမ်းစရာ သာ၍ဘုန်း​တော်ထင်ရှားစရာ ရှိလာဖို့လား စသဖြင့်​တွေကို နားလည်ထားဖို့ရာလိုအပ်ပါတယ်။

ရှင်ယောဟန်ခရစ်ဝင် ၂:၄
ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။

ကာနမြို့မင်္ဂလာ​ဆောင်ကို ကြည့်တဲ့အခါမှာလည်း ​ယေရှုက သူ့အချိန်ကိုသူသိတယ်။ စပျစ်ရည်ကုန်သွားပြီလို့ မာရိလာ​ပြော​သော်လည်း ငါ့အချိန်မ​ရောက်​သေးဘူးလို့ဆိုတယ်။ ​ယေရှုရဲ့အချိန်​ရောက်တဲ့အခါမှာ ကူညီဖို့လူ​တွေကို​မှာထားတယ် (တနည်းဆိုရရင် အလို​တော်ကိုဝန်ခံသလို ​စောင့်ဆိုင်းခြင်း၌ ယုံကြည်ခြင်းပါတယ်)၊ သူ့အချိန်​ရောက်တဲ့အခါမှာ သာ၍ဘုန်းထင်ရှားတယ် ​ရေမှစပျစ်ရည်​ပြောင်းသွားသလို သာ၍​ကောင်းတဲ့အရသာကိုရတယ်၊ လူ​တွေချီးမွမ်းတယ်။ သူများ​တွေက အ​ကောင်းဆုံးကိုအရင်တိုက်တယ် ပြီး​တော့ ညံ့တာကိုတိုက်တယ် မင်းက​တော့ အ​ကောင်းဆုံးကို ခုချိန်ထိရှိ​သေးတယ်ဆိုသလို ချီးမွမ်းခြင်းကို ကြားရတယ်။

ဒါ့​ကြောင့် ကျွန်​တော်တို့ကလည်း အဲဒီ​စောင့်ဆိုင်းခြင်းက ဘာလဲမသိ​ပေမယ့်၊ အဲဒီ​နောက်ကွယ်မှာ ဘာရှိမလဲမသိရ​သေး​သော်လည်း ​သေခြာတာတစ်ခုက​တော့ ​ယေရှုက ငါ့အချိန်မ​ရောက်​သေးဟုဆိုသလို သူ့အချိန်ကိုသာ ​စောင့်ဆိုင်းရင်းသာ ချီးမွမ်းကြပါစို့။ ထိုအချိန်နာရီက လူနဲ့မဆိုင်ဘူး ဘုရားသခင်ရဲ့ အချိန်နာရီ (God Timing) ကိုသာ ​မျှော်လင့်ရင်း ​ဆိုင်း​သော်လည်း ​မျှော်​လင့်​လော့ ​နောက်မကျဘဲ ဧကန်အမှန်လာလိမ့်မည်ဟု ဆိုသည့်အတိုင်း​စောင့်ဆိုင်းခြင်းတန်ခိုးသည် မည်မျှကြီးမားတယ်၊ ထို​စောင့်ဆိုင်းခြင်း​တွေရဲ့ ​နောက်ကွယ်မှာ သက်​သေခံချက်​ပေါင်းများစွာ ရှိ​နေတယ်ဆိုတာကို နားလည်နိုင်ကြဖို့ရာ အနည်းငယ်​ဝေမျှ ခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next