လိမ်လည်ခြင်းတွေနောက်ကိုလိုက်မိနေပြီလား

မိတ်ဆွေ သင်အလိမ်ခံရဖူးပါသလား။ မည်သူမဆို တစ်ကြိမ်လောက်တော့ အလိမ်ခံရဖူးမယ်လို့ ယူဆမိပါတယ်။ သို့သော် လောကအရာ၌ အလိမ်ခံရခြင်းဖြစ်ပေမည်လို့သာ မှတ်ယူပါရစေ။ သမ္မာကျမ်းစာထဲတွင်လည်း အလိမ်ခံရသူအချို့ရှိပါတယ်။ ထိုသူတို့ကို ကြည့်၍ ပြင်ဆင်သင့်သာပြင်ဆင်ရင်း ဆင်ခြင်သင့်သည်ကို ဆင်ခြင်ကြရအောင်ဖြစ်ပါတယ်။
ယောရှုတို့သည် ယေရိခေါမြို့၊ အာဣမြို့ တို့ကိုအောင်မြင်ကြောင်းကိုကြားသိသောကြောင့် ဂိဗောင်မြို့သားတို့သည် ကြောက်၍ လိမ်လည်ကာ မိဿဟာရလာဖွဲကြခြင်းကိုတွေ့ရသည်။ ထိုအရာကို ထာဝရဘုရားကို မတိုင်ပင်၊ မမေးမြန်း၊ မစူးစမ်းဘဲ ကိုယ့်သဘောနှင့်ကိုယ် မိဿဟာရဖွဲ့ပြီး သူတို့ရဲ့ရိက္ခါကိုပါစားကြသေးတယ်ဆိုတာကိုတွေ့ရပါတယ်။
ယောရှုမှတ်စာ ၉:၁၄
ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကို စားကြ၏။
လိမ်ညာခြင်းကိုသိတဲ့အခါမှာတော့ နောက်ကျသွားပြီဖြစ်တယ်၊ ကျိန်ဆိုထားသောကြောင့် ရှင်းရှင်းဖျက်ဆီးရမည့်အမျိုးကို အိမ်တောင်မှာ ထင်းခွဲ၊ ရေခပ်ခြင်းအမှုကိုပြခိုင်းရတယ်။ နောက်ပိုင်းမှာ ဒီအမျိုးကပုန်ကန်ခြင်းလုပ်တာတွေ၊ ဒုက္ခပေးတာတွေ၊ ဒီအမျိုးအားဖြင့် ဒုက္ခရောက်ရတာတွေ သေကြေရတာတွေကိုမြင်တွေရပါတယ်။ မိမိသဘောကိုသာ ဦးစားပေး၍ မိဿဟာရဖွဲ့ခြင်းကြောင့် နောက်ဆက်တွဲအကျိုးဆက်ကိုတွေ့ရခြင်းဖြစ်သည်။
ယောရှုမှတ်စာ ၉:၂၃
ယခုမှာ သင်တို့သည် ကျိန်အပ်သောသူဖြစ်သဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဖို့ ထင်းခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တစ်ယောက်မျှမလွတ်ရဟု ဆို၏။
နောက်အဖြစ်အပျက်တစ်ခုကို ခပ်တိုတိုဖော်ပြပေးပါမယ်။ ရှင်ဘုရင်၏လက်သွေ့ခြောက်ခြင်းကို ဘုရားသခင်၏လူသည် ထာဝရဘုရားကိုတောင်းပန်ပေးတယ်။ ဒါကိုဘုရင်က ကျေးဇူးတင်တယ် စားသောက်ဖို့ခေါ်တယ် လက်ဆောင်ပေးမယ်ပြောတယ်။ သို့သော် ဘုရားသခင်၏လူကို မစားမသောက်ရ၊ လာရာလမ်းနဲ့မပြန်နဲ့လို့ပြောသောကြောင့် သူမစားမသောက်ပေ။ ဒါနဲ့အခြားလမ်းကပြန်သွားတယ်။
ဓမ္မရာဇဝင် တတိယစောင် ၁၃:၉
ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အားပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။
ဘုရားလူလာကြောင်း ပရောဖက်အိုကကြားသိတဲ့အခါမှာ ရအောင်မှီအောင်လိုက်တယ်။ ငါနဲ့လိုက်ပါ၊ ငါနဲ့အတူစားပါခေါ်တာကို ဘုရားသခင်၏လူသည် ငြင်းဆိုပါသေးတယ်။ သို့သော် ငါလည်းမင်းလို ပရောဖက်ပါ၊ မင်းစားဖို့၊ ရေကိုသောက်ဖို့၊ ဘုရားသခင်ပြောတယ်ဆိုတာမျိုးနဲ့ မုသာသုံးခေါ်တဲ့အခါမှာတော့ သူသည် လိုက်ပါမိတာကိုတွေ့မြင်ရပါတယ်။ ဒီလိုနဲ့နောက်ဆက်တွဲကတော့ အသက်ဆုံးသည်အထိဖြစ်ခဲ့ရပါတယ်။ ဘုရားလူပါ ဘုရားစကားပါဆိုပြီး မုသာသုံးသောသူကိုယုံမိသောကြောင့်ပင်။
ဓမ္မရာဇဝင် တတိယစောင် ၁၃:၁၈
ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည် မုန့်ကိုစား၍ ရေကိုသောက်စေခြင်းငှာ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မှာထားပြီဟု မုသာသုံး၍ပြောဆို၏။
ဒီလိုပါဘဲ လက်ရှိအခြေအနေတွေမှာလည်း ဘုရားလူပါဆိုပြီး မုသာသုံးသူတွေ၊ ပရောဖက်အိုကြီးလို ဘုရားလူတွေကိုဆွဲချမည့်သူတွေ ဒုနဲ့ဒေးရှိတယ်ဆိုတာကို သတိထားကြပါလို့ဆိုချင်ပါတယ်။ ဆရာတော့ဆရာပါ၊ ကျမ်းစာလဲဒီကျမ်းစာပါ၊ အသင်းတော်ကလဲ ယေရှုခရစ်တော်နောက်လိုက်သူတွေပါ၊ ကယ်တင်ခြင်းလဲတူပါတယ်လို့ မည်သို့ဆိုစေကာမူ ပရောဖက်အိုလို မုသာသုံး၍ သင်နှင့်ကျွန်ုပ်၏ အသက်တာကို ဆွဲချမည့် လိမ်လည်သောဩဝါဒတွေဟာ ဒုနဲ့ဒေးရှိပါသောကြောင့် သမ္မာတရားကိုပိုင်းခြားနားလည်စေဖို့ ဗေရိမြို့သားများကဲ့သို့ နှုတ်ကပါတ်တော်ကို စေ့စေ့ဖတ်ရှုဆင်ခြင် နှလုံးသွင်းကာ အယူလွဲမိစ္ဆာဩဝါဒတွေကို ရှောင်ရှားနိုင်ကြဖို့ရာ အနည်းငယ်ခွန်အားပေးတိုက်တွန်းလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet