ကျွန်ုပ်ဘဝ၏ ပဲ့ကိုင်ရှင်

လောကကြီးမှာ အချို့သောသူတွေက ငါ့လုပ်အားနဲ့ ငါရှာထားတဲ့ ငွေကြေး၊ ငါ့အစွမ်းအစကြောင့် ပြီးမြောက်စေတဲ့အလုပ်၊ ငါ့လုပ်ဆောင်မှုကြောင့် အောင်မြင်လာတဲ့ လုပ်ငန်း၊ ငါ့ကြောင့် ငါ့ကြောင့် ဆိုပြီး ငါဆိုတဲ့ အတ္တတွေများလာပြီး ဘုရားကို မမြင်တတ်တဲ့ အချိန်တွေ၊ မမြင်တတ်တဲ့ သူတွေရှိတတ်ကြပါတယ်။ အရာရာကို ငါ့လက်ရုံး၊ ငါ့အစွမ်းအစ၊ ငါ့ရဲ့တတ်နိုင်ခြင်းကြောင့်လို့ ထင်မှတ်မိတဲ့ အခါတွေ ရှိကောင်းရှိကြပါတယ်။
ကိုယ်လုပ်မှ ကိုယ်စားရတယ်၊ ကိုယ်ရှာမှ ကိုယ်ရတာ၊ ကိုယ့်ထမင်းကိုယ်ရှာစားရတာ ဘယ်သူမှလာမကျွေးဘူး စသဖြင့် ထင်တတ်ကြပါတယ်။ ဟုတ်ပါတယ် ဘုရားသခင်သည် မိုးပေါ်ကနေ ထမင်းထုပ်တွေ ငွေထုပ်တွေ ပစ်မချပေးပါဘူး။ ထိုကာလက လွန်သွားခဲ့ပြီဖြစ်တယ်။ ဒါ့ကြောင့် သင့်ကိုတော့ ထိုင်နေဖို့ အလိုမရှိပါဘူး၊ သင်လုပ်ရမယ် သင်လုပ်တဲ့အခကိုရမယ် ဆိုတာနားလည်ရပါတယ်။
ခါနန်ပြည်မဝင်ခင် လုပ်စားဖိုမလိုခဲ့ပါဘူး၊ ရှာစားဖို့မလိုခဲ့ပါဘူး၊ မနက်မိုးလင်းတာနဲ့ အဆင်သင့် (ကောင်းကင်က ချပေးသော မုန့်) ကို မနက်စာစားရပါတယ်၊ အသားစားချင် အသား စသဖြင့် ချပေးခဲ့သော်လည်း ခါနန်ပြည်ကို စဝင်တော့မယ်ဆိုတာနဲ့ ထိုမုန့် မချပေးတော့ချေ။ မိမိကိုယ်တိုင် စိုက်ရတယ် ပျိုးရတယ်၊ သို့သော် ထိုအပေါ်မှာ ရိတ်သိမ်းခြင်းသည် ကောင်းကြီးရပါတယ်။ အဓိပ္ပါယ်က စိုက်ပျိုးခြင်းသည် တစ်ခုဖြစ်စေဦးတော့ ထိုအပေါ်မှာ တစ်ခုထက်မက ကောင်းကြီးရှိသည် သို့သော် သင်ကိုယ်တိုင် စိုက်ရတယ် ပျိုးရတယ်ဆိုတာကို နားလည်ရပါတယ်။ ထို တစ်ဆထက်မနည်း ရိတ်သိမ်းရခြင်းသည် သူတို့အစွမ်း သင့်အစွမ်းမဟုတ်ချေ။ မိမိ၏ စိုက်ပျိုးခြင်းကို မိမိလုပ်ဆောင်ခြင်းသာဖြစ်သည်ကို နားလည်ဖို့ရှိပါတယ်။ မြင်သာအောင် ဆိုကြပါစို့ ထိုစိုက်ပျိုးနိုင်ဖို့ အင်အား ဘယ်ကလာသလဲ၊ ကျန်းမာခြင်း ဘယ်ကဖြစ်သလဲ၊ ခွန်အားနဲ့အကြံဥာဏ် အစွမ်းအစ ဘယ်သူ့ဆီကလာသလဲ နားလည်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးပေးပါစေ။
ရှံဆုန်ကတော့ ခွန်အားကြီးမားသူတစ်ယောက်ဖြစ်တယ်၊ သူ့ရန်သူတွေကို မြည်းမေးရိုးနဲ့ ရိုက်သတ်ခဲ့သည်မှာ လူတစ်ထောင်ဟုဆိုတယ်။ သူ့အစွမ်းအစ၊ သူ့လက်ရုံး၊ သူ့ခွန်အားကြောင့် ဖြစ်သလို လက်နက်ကြောင့်ဟုဆိုသော သဘောနှင့်သာ မြည်းမေးရိုးကို စာဖွဲ့ကာ ချီးမွမ်းခန်းဖွင့်ဆိုသည်ကို မြင်တွေ့ရပါတယ်။
သင်နှင့်ကျွန်ုပ်သည်လည်း မိမိ၏အောင်မြင်ခြင်း၊ အစွမ်းအစ၊ ရာထူး၊ စည်းစိမ်၊ အာဏာ စသဖြင့်သည် မိမိအစွမ်းအစ၊ မိမိတော်လွန်းလို့ တတ်လွန်းလို့ မဟုတ်ပဲ ကျေးဇူးတော်ကိုမြင်တတ်ကာ ဘုရားသခင်ကိုသာ ချီးမွမ်းတတ်ဖို့ရာ သတိပြုကြစို့ရယ်။ မိမိဘုန်းအသရေထင်ရှားဖို့ရန် မဟုတ်ပဲ ဘုရားသခင်ဘုန်းတော်ထင်ရှားစေခြင်းသာ ဖြစ်ပါစေ။
သုတ္တံကျမ်း ၂၁:၃၀-၃၁
ထာဝရဘုရားတစ်ဖက်၌ ဉာဏ်မတည်၊ ပညာမတည်၊ အကြံတစ်စုံတစ်ခုမျှ မတည်နိုင်။
စစ်တိုက်ရာကာလအဖို့ မြင်းများကို ပြင်ဆင်သော်လည်း၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။
ဘုရားသခင်၏ တစ်ဖက်တွင် ဥာဏ်ပညာ၊ အကြံအစည်၊ လူ့အစွမ်းအစ အစရှိသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ မရပ်တည်နိုင်ပေ။ ထိုအရာမှန်သမျှ ပြိုလဲပျက်စီးဖို့ရန်သာရှိသည်။ ဒီလိုပါပဲ စစ်တိုက်ခြင်းအတွက်ကို မြင်း၊ စစ်သူရဲတွေ စသဖြင့် အင်အားတွေ၊ လက်နက် ပစ္စည်းတွေကို ပြင်ဆင်ကြရပါတယ်၊ သို့သော်လည်း စစ်ပွဲတစ်ပွဲ၏ အောင်နိုင်ခြင်း ရှုံးနိမ့်ခြင်းသည် ဘုရားသခင်၌သာတည်သည်။ ထိုအဖြေသည် ဘုရားသခင်သာ ပေးစွမ်းနိုင်သည်။ ဒါ့ကြောင့် မိမိသည် ထိုစစ်ပွဲအတွက်တော့ လူအင်အား၊ လက်နက်အင်အား၊ စသဖြင့်တော့ ပြင်ဆင်ရမည် ဖြစ်သော်လည်း ဘုရားသခင်၌သာ အလုံးစုံမူတည်သည်ဟု နားလည်ရပါတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ ယုံကြည်သူသည် လောကကြီးထဲမှာ အသက်ရှင်နေခြင်းသည် ပြင်ဆင်ရမည်ဖြစ်သော်လည်း အရာရာကတော့ ဘုရားသခင်မပါလျှင် အဘယ်အရာမှ မတတ်နိုင်ပါ။ အချုပ်အားဖြင့်ဆိုရသော် ကျွန်တော်ကတော့ ဒီလို ဝန်ခံလိုက်ချင်ပါတယ် ... ( ဘုရားသခင်မပါလျှင် လက်တစ်ဘက်မြှောက်ဖို့ရန်၊ ထိုင်ရာမှ ထဖို့ရန်တောင်မှ အကျွန်ုပ်အလိုမရှိသလို အသက်တစ်ချက်မျှပင် မရှူချင်ပါ။ ) မိမိတို့၏ ပြင်ဆင်ခြင်း၊ ပြုလုပ်နေခြင်း၊ ကြံစည်ခြင်း၊ တစ်ခုစီတိုင်းရှိနေသော်လည်း ကျေးဇူးတော်ကြောင့်သာ ချမ်းသာရပါ၏လို့ ဝန်ခံလျှက်၊ အကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်တော်ထဲ၌ ငြိမ်ဝပ်လျှက်ရှိပါသည်ဟု အကြွင်းမဲ့လက်ခံ ယုံကြည်ကြပါတယ်လို့ ထပ်မံဝန်ခံလိုက်ပါတော့တယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet