သမင်ဒရယ်ကဲ့သို့

နံနက်စောစောတွင် အိပ်နေရာကဆပ်ခနဲထထိုင်လိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် မိမိနားထဲသို့
အသံတစ်သံတီးတိုးဝင်ရောက်လာသောကြောင့်ပင်ဖြစ်သည်။ ထိုအသံမှာ မသဲမကွဲတီးတိုးလေးသာ ... အသံကာလာကိုကြားတာနဲ့ပင်မိမိ၏အဒေါ်ဆိုတာတန်းသိလိုက်ရသည်နှင့်တပြိုင်နက်သူဘာပြောနေပါလိမ့်ဟု နားစွင့်နေမိသည်။
(မနက်ကအိမ်ရှေ့မှာကား၂စီးပိတ်နေလို့ အပင်ရေမလောင်းလိုက်ရဘူး) သူ့အပင်လေးတွေရေမဝ၍သေမည်ကိုစိုးရိမ်နေသည့်ပုံပင်ဖြစ်သည်။
ဒီလိုပဲကျွန်တော်တို့ဘဝမှာအခက်အခဲအတားအဆီးတွေကြုံတွေ့ရတဲ့အခါ နှုတ်ကပါတ်တော်ကိုမဖတ်ချင်လောက်အောင်ပင်ဖြစ်နေသလား။ စိတ်ညစ်နေတဲ့အခါရော ဘေးဖယ်ထားမိပါသလား။ ခက်ခဲလွန်းလို့၊စိတ်ပျက်အားငယ်လွန်းလို့၊စိတ်တွေညစ်လွန်းလို့ကို နှုတ်ကပါတ်တော်ဆိုတာကိုမကြားချင်လောက်အောင်၊မကြည့်ချင်လောက်အောင်ပဲဖြစ်နေပါသလား။ ဖြစ်လဲဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကို ကျွန်တော်တို့တွေသည်ဆင်ခြင်တတ်ဖို့ရာလိုအပ်တယ်ဆိုတာကိုနားလည်ရပါတယ်။
ဆာလံကျမ်း ၄၂:၁
သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။
ပန်းပင်လေးတွေရေမဝ၍သေမည်ကိုစိုးရိမ်စရာဆိုတာမှန်ပေမယ့် ကျွန်တော်တို့ဘဝတွေမှာနှုတ်ကပါတ်တော်ရေမဝ၍ဝိညာဥ်ရေးရာခြောက်ကပ်ပြီးသေဆုံးရမည်ကိုသာ၍စိုးရိမ်စရာပင်ဖြစ်သည်။ ဆာလံဆရာပြောသလို သမင်ဒရယ်တွေရေစီးသောချောင်းကိုတောင့်တသလိုပဲ ကျွန်တော်တို့ဟာ နှုတ်ကပါတ်တော်ကိုဆာငတ်တတ်ဖို့လိုအပ်ပါတယ်။
မိမိရဲ့ဘဝမှာခက်ခဲနေသည်ဖြစ်စေ၊ပင်ပန်းနေသည်ဖြစ်စေ၊စိတ်ညစ်နေသည်ဖြစ်စေ၊ဝမ်းနည်းနေသည်ဖြစ်စေ၊မည်သို့ပင်စိတ်ဓါတ်ကျအားလျော့၊စိတ်ပျက်နေပါစေ နှုတ်ကပါတ်တော်ဘုရားစကားဟာသင့်နဲ့ကျွန်ုပ်ကိုပြောင်းလဲစေမှာဖြစ်တယ်။ အခြေအနေတစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်နိုင်လောက်အောင်ပင်ဖြစ်တယ်ဆိုတာနားလည်ဖို့ရာရှိပါတယ်။
ဒါကြောင့်မို့လို့ ကျွန်တော်အပါအဝင်အယောက်စီတိုင်းသည် ရေစီးသောချောင်းကိုတောင့်တတတ်သော
သမင်ဒရယ်ကဲ့သို့ နှုတ်ကပါတ်တော်ကိုဆာငတ်တတ်သောသူများဖြစ်စေကြဖို့ရာအနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဟဗွေဲဩဝါဒစာ ၄:၁၂-၁၃
ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။
ငါတို့ကိုစစ်ကြောစီရင်တော်မူသော သူရှေ့၌ မထင်ရှားသော အရာတစုံတခုမျှမရှိ၊ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။