တိတ်ဆိတ်ခြင်း၏ နောက်ကွယ်

လောကမှာ လူတွေဟာ မိမိရဲ့ဘဝမှာ တိတ်ဆိတ်သွားတဲ့အချိန်တွေကို ကြောက်နေမိတဲ့သူတွေရှိနိုင်ပါတယ်။ ထိုတိတ်ဆိတ်ခြင်းကို အကြောင်းအမျိုးမျိုးမှ ကြုံတွေ့ရနိုင်ပါတယ်။ အဖြစ်အပျက် (၃) ခုမှနေ၍ ရှုထောင့်တစ်မျိုးဖြင့် ဝေမျှပေးလိုက်ပါတယ်။
အာဗြဟံကိုကြည့်မယ်ဆိုရင် သူ့ရဲ့ တစ်ဦးတည်းသော သားကို ယဇ်ပူဇော်ဖို့ ထာဝရဘုရားကတောင်းတယ်။ တောင်းတဲ့အတိုင်းလဲ သူပေးဖို့လုပ်တယ်။ ဒါ့ကြောင့်လဲ သူပြင်ဆင်တယ်၊ ပြင်ဆင်နေရင်းနဲ့ပဲ သူ့ရဲ့အပြောအဆိုမှာ ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းကို မြင်တွေ့ရတယ်။
ကမ္ဘာဦးကျမ်း ၂၂:၅
ငယ်သားနှစ်ယောက်တို့အား၊ သင်တို့သည် ဤအရပ်၌မြည်းနှင့် အတူနေရစ်ကြလော့။ ငါသည်သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ၏။
သူ့ငယ်သားတွေကိုဆိုတဲ့အခါမှာ ပြန်လာဦးမယ်ဆိုတဲ့အရာဟာ သူ့သားနှင့်အတူပြန်လာမည် လို့ဆိုလိုခြင်းလော ... ထို့အတူပဲ သူ့ရဲ့သားဟာ ယဇ်ကောင် ဘယ်မှာလဲ မေးတဲ့အခါမှာ ဘုရားသခင်သည် မိမိအဖို့ ပြင်ဆင်တော်မူလိမ့်မယ်လို့ ဆိုခြင်းသည် အာဗြံဟံ၏ မျှော်လင့်ခြင်းဖြစ်ပေမည်။
သို့သော် သူမျှော်လင့်ထားပေမယ့် ကတိတော်နှင့်ဆိုင်သော တစ်ဦးတည်းသော သားကို ပူဇော်ရန် အိမ်မှထွက်လာကတည်းမှ ယဇ်ပလ္လင်ပေါ်တင်သည်အထိ ဘုရားသခင်ထံမှ ဘာသံမျှမကြားရပဲ တိတ်ဆိတ်နေခဲ့ပေသည်။ ဘုရားသခင်တော့ တစ်ခုခုတော့ သူ့ကိုပြောမှာပဲဟု မျှော်လင့်နေလောက်ပေမည်။ ထိုအချိန်နာရီသည် အာဗြဟံ၏ နာကျဥ်ရမည့်ကာလတစ်ခုဖြစ်နေလေမလား၊ ကြေကွဲခြင်းနှင့် မျက်ရည်ကိုသာ ရင်ဝယ်ပိုက်ကာ ပြုရမည့် အမှုကို အကုန်အစင်ပြုကာ ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းတွေကို ဆက်လက်၍ ပြသခဲ့ပေသည်။ ထိုနောက်မှသည် တိတ်ဆိတ်နေရာမှ အသံတော်ကြားလာခဲ့ရသည်မှာ နောက်ဆုံးတွင် ယေဟောဝါယိရေဟု သမုတ်ရသည့် အရပ်ပါထွက်ပေါ်လာစေခဲ့သည်။ သားဖြစ်သူနှင့်အတူ လာရာလမ်းသို့ အတူတူပြန်ရရုံသာမက ကတိတော်နှင့် ကောင်းကြီးမင်္ဂလာ တည်တံ့စေခဲ့ပေသည်။
နောက်အဖြစ်အပျက်တစ်ခုကတော့ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကြားလာလတွင် ဘုရားသခင်ထံမှ အသံတော်မကြားရပဲ တိတ်ဆိတ်နေခဲ့သည်မှာ နှစ်ပေါင်း (၄၀၀)ဟု သိရသည်။ ထိုအဖြစ်အပေါ်ကို သုံးသပ်ချက်တွေရှိသည်။ အချို့က လုပ်နေကျသဘာဝအတိုင်း ဘုရားသခင်လုပ်ဆောင်နေတယ်လို့ယူဆကြတယ်။ အချို့က လူတွေအပြစ်များလွန်းလို့ ဘုရားသခင်စကားမပြောဘူး (ဘုရားစကားမကြားနိုင်ဘူး) လို့ဆိုကြပြီး၊ အချိုကတော့ ယေရှုခရစ်တော် ကြွလာရန် ပြင်ဆင်နေချိန်လို့ ဆိုကြတယ်။ ကျွန်တော့်ရဲ့ Personal အမြင်ကတော့ လူတွေအပြစ်များလျှင်လည်း နောဧ ခေတ်၊ လောတ အချိန်၊ ယောန ကာလတွေလောက် ဆိုးနိုင်ပါ့မလားလို့ တွေးမိပါတယ်။ ဒါ့ကြောင့် အပြစ်များလို့ ဘုရားသခင်စကားမပြောတာ မဟုတ်ဘူးလို့ ယူဆပြီးတော့၊ ယေရှုခရစ်တော် ကြွလာဖို့ ပြင်ဆင်စရာလည်း မလိုအပ်ဘူးလို့ ထင်ပါတယ် ဘာလို့ဆို ဗျာဒိတ်တော်ရှိနေခဲ့ပြီးသားဖြစ်လို့ သူ့ရဲ့ အချိန်နာရီ ပြည့်စုံတာနှင့် ကယ်တင်ရှင် မေရှိယ ဖွားမြင်မှာဖြစ်တယ်လို့ ယူဆမိပါတယ်။ ယေရှုက လူ့လောကကို လာရောက်ဖို့ရန် လူတွေခရီးသွားသလို ဟိုပစ္စည်းထည့် ဒီပစ္စည်းယူ စသဖြင့်တွေလုပ်ပြီး ပြင်ဆင်နေစရာမလိုအပ်သောကြောင့် ပြင်ဆင်နေတယ်ဆိုတာထက် အချိန်နာရီမပြည့်စုံသေးလို့ဟုသာ ယူဆမိပါတယ်။ အချိန်နာရီဟုဆိုရာတွင်လည်း ပြဿဒါးတွေ ရက်ရာဇာတွေ ရွေးနေတာမဟုတ်ပါဘူး၊ ချိန်းချက်ထားသော အချိန်နာရီ နှင့် ပရောဖက်ပြုချက် ဗျာဒိတ်တော်တွေ ပြည့်စုံစေခြင်းသည် ဖြစ်ကိုဖြစ်လာမှာ ဖြစ်သောကြောင့်ဟုသာ ဆိုပါရစေ။
ရှင်မဿဲခရစ်ဝင် ၁:၂၁
သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ် မည်သူဖြစ်သော ကြောင့်၊ ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။
ဒီ နှစ်ပေါင်း (၄၀၀) တိတ်ဆိတ်နေခြင်း၏ နောက်ကွယ်တွင် ကယ်တင်ရှင် မေရှိယ (သခင်ယေရှု) ဖွားမြင်စေခြင်းနှင့် ကယ်တင်ခြင်းပြည့်စုံစေရန် ဖြစ်ချေသည် မဟုတ်ပါလား။ ထိုသခင်ယေရှုအားဖြင့်လည်း လူသားအားလုံးအတွက် ကယ်တင်ခြင်းကို အခမဲ့ရရှိခဲ့ကြသည်။
ကယ်တင်ခြင်း တစ်ခုတည်းသာမကဘဲ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဖြောင့်မတ်ခြင်း အစရှိသဖြင့်တွေနှင့် ထို သခင်၏ အတူရှိခြင်း၊ သန့်ရှင်းသော ဝိညာဥ်တော်၊ ဝိညာဥ်အသီးအပွင့်များ စသဖြင့်ရေတွက်၍တောင် ကုန်နိုင်ပါဦးတော့မလားမသိတော့ပါ။
ယောဘဝတ္တု ၄၂:၁၀
ယောဘသည် အဆွေခင်ပွန်းတို့အဖို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။
ယောဘရဲ့အသက်တာကိုကြည့်ရင်လည်း သူ့ပြစ်မရှိပါပဲနှင့် အလုံးစုံ ဆုံးရှုံးရတယ်၊ ပစ္စည်းဥစ္စာကြွယ်ဝခြင်း၊ သားသမီး စသဖြင့် အကုန်ပျက်ဆီးရုံမက ကျန်းမာရေးပါ ထိခိုက်ရတယ်။ ဒါ့ကြောင့် သူသည် သေချာပေါက် နာကျဥ်ရတယ် ငိုကြွေးရတယ်၊ လူရုပ်တောင်မပေါက်တော့တဲ့အထိဖြစ်တယ်၊ ဘုရားသခင် ဘာလို့လဲ ဘာကြောင့်လဲ စသဖြင့် မေးခဲ့သော်လည်း ဘုရားသခင်ရဲ့ အသံတော်ကို လုံးဝမကြားရဘူး၊ အဖြေလုံးဝမရဘူးဖြစ်ခဲ့ရပါတယ်။ သို့သော် ထိုတိတ်ဆိတ်နေခြင်း၏ နောက်ကွယ်မှာတော့ သူ့အတွက် သာ၍ကြီးသော အကျိုးတစ်ခုရှိနေလေရဲ့။
ကျွန်တော်တို့အသက်တာမှာလည်း မိမိနာကျဥ်နေရတာကို ဘုရားသခင်အဖြေမပေးဘူးလား၊ မေးခွန်းပေါင်းများစွာရှိသော်လည်း ဘုရားသခင်စကားမပြောဘူးလား၊ ဘုရားသခင်ကို မျှော်ကြည့်နေသော်လည်း ဘာမှအဖြေမရဘူးဖြစ်နေသလား၊ တိတ်ဆိတ်ခြင်းတွေဟာ အတော်ကြာနေခဲ့ပြီလား။ တိတ်ဆိတ်နေခြင်းတွေကြားမှာ ငိုသံတွေသာ ပဲ့တင်ထပ်နေပြီလား၊ အော်ဟစ်ရလွန်းလို့ အာခေါင်ခြစ်သံထွက်ကာ အသံတွေဝင်နေပြီလား၊ ခြေကုန်လက်ပန်းကျ မောပန်းလွန်းလို့ နားခိုရာရင်ခွင်ကို ရှာတွေ့ချင်နေပြီလား၊ တိတ်ဆိတ်ခြင်းထဲမှာ ယောင်လည်လည်ဖြစ်ကာ လမ်းပျောက်မှာစိုးရိမ်နေသလား။
မိတ်ဆွရဲ့ အသက်တာမှာ ထိုကဲ့သို့သော တိတ်ဆိတ်ခြင်းတွေရှိနေခဲ့ရင်လည်း ဆက်လက်၍ မျှော်လင့်ပါ၊ ဘုရားသခင်ပြင်ဆင်မှာဖြစ်လို့ သူ့ကိုသာ ကိုးစားပါ၊ တိတ်ဆိတ်ခြင်း၏ နောက်ကွယ်မှာလည်း ချိန်းချက်ထားသော အချိန်နာရီပြည့်စုံတဲ့အခါမှာ သာ၍ဝမ်းမြောက်ရခြင်းသည် သင့်အတွက်ဖြစ်ပါတယ်လို့ အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet