ထာဝရဘုရားအားကြောက်ရွံ့ခြင်း

"ထာဝရဘုရားကို ကြောက်ရွံ့ခြင်း" မည်သည် ပညာ၏အချုပ်အခြာဟုနားလည်ရသည်။ လူတို့သည် မိမိတို့၏ စိတ်ဆန္ဒနောက်သို့သာလိုက်၍ ဒုစရိုက်များကို ပြုမိတတ်ကြသည်။ ထိုသို့ မိမိတို့ပြုမိသောအရာများသည် ဘုရားသခင်နှစ်သက်ခြင်းရှိမည် မရှိမည်ထက် မိမိ၏အလိုဆန္ဒကိုသာ ဦးစားပေးမိခြင်းဖြစ်တတ်သည်။ ထိုအမှုအရာများထဲမှ ဒုစရိုက်ကိုပြုမိခြင်းလည်း အပါအဝင်ဖြစ်ပေသည်။
ကမ္ဘာလောကကြီးထဲတွင် စည်းမျဥ်းဥပဒေများရှိကြသည် ထိုအထဲတွင် ကျွန်ုပ်တို့ နေထိုင်ကြရာ နိုင်ငံအသီးသီးလည်း အပါအဝင်ဖြစ်ပါသည်။ ထိုစည်းမျဥ်းဥပဒေများစွာထဲမှ အချို့တို့မှာ သူတပါးအသက်သတ်ခြင်း၊ ခိုးခြင်း၊ လုယူခြင်း၊ လိမ်ညာလှည့်စားခြင်း၊ မတရားမှုပြုခြင်းတို့သည် ဥပဒေအရ အပြစ်ပေးခံရသည့်အမှုများဟုဆိုကြပါစို့။ ထိုအရာများကို ကျူးလွန်သူတိုင်းသည် ဥပဒေအရ အပြစ်ပေးခြင်းကိုခံကြရသည်။ တရားဥပဒေစိုးမိုးသော နိုင်ငံတိုင်းတွင် ကျူးလွန်သူသည် ခြွင်းချက်ဟူ၍မရှိပဲ မည်သို့သောသူမျိုးပင်ဖြစ်နေပါစေ ပြစ်ဒဏ်ကျခံရပေသည်။
ရှုထောင့်တစ်ခုမှကြည့်မည်ဆိုလျှင် ထိုအမှုများကို လူတို့သည် ပြစ်ဒဏ်ကျခံရမည်စိုး၍ မလုပ်ဆောင်ကြခြင်း၊ တနည်းဆိုရသော် ဥပဒေကိုကြောက်၍ မကျူးလွန်ခြင်းဟုလည်း ဆိုနိုင်ပေသည်။ ထိုသို့ဖြစ်လျှင်လည်း ကောင်းပေသည်။ သို့သော် ထိုအမှုအရာများအား မကျူးလွန်စေရန်ချုပ်ထားသော ဥပဒေများထက် ဘုရားသခင်မကြိုက်သဖြင့် မလုပ်ဆောင်ခြင်း၊ ဘုရားသခင်အားကြောက်ရွံ့၍ဟုဆိုလျှင် သာ၍လျှောက်ပတ်ပေလိမ့်မည်။ အချို့မှာလည်း "လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင် ပြုတတ်ကြ၏" ဟုဆိုသည့်အတိုင်း ဘုရားသခင်ကိုလည်း မကြောက်ရွံ့၊ ပညတ်တရားများလည်း ကရုမပြူ၊ နာခံခြင်းမရှိ၊ သွန်သင်ခြင်းများကိုလည်း ပမာဏမပြုသူများသည် မထီမဲ့မြင်ပြုကြတတ်ပါသည်။
သုတ္တံကျမ်း ၁:၇
ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏ အချုပ်အခြာ ဖြစ်၏။ လူမိုက်တို့သည် ပညာနှင့်ဥပဒေသကို မထီမဲ့မြင် ပြုတတ်ကြ၏။
ယောသပ်ကိုကြည့်မည်ဆိုလျှင် ထိုကာလတွင် ပညတ်တရားမရှိသေးပေ။ သို့သော် ပေါတိဖာမယားနှင့်အတူအိပ်လျှင် ဘုရားသခင်အား ပြစ်မှားခြင်းကိုဖြစ်စေလိမ့်မည်ဟူသောအသိကို သူသိပေသည်။ ထို့ကြောင့် ယောသပ်၏ ဘုရားသခင်အားကြောက်ရွံ့ခြင်းကို အတိုင်းသားမြင်တွေ့ရနိုင်ပေလိမ့်မည်။ လတ်တလောအဆင်ပြေမည်ထက် ဘုရားသခင်စိတ်တော်နှင့်မတွေ့မည်ကို သာ၍စိုးရိမ်ခြင်း၊ နောက်ပိုင်းသာသာယာယာဖြစ်မည်ထက် ဘုရားသခင်အားပြစ်မှားမိခြင်းဖြစ်မည်ကို သာ၍စိုးရိမ်ခြင်း၊ မိမိအားအစိုးရသော သခင်ထက် ဘုရားသခင်ကို သာ၍ကြောက်ရွံ့ခြင်းဟူ၍ များစွာသင်ယူရန်ဖြစ်စေသည်မဟုတ်ပါလား။
ယောသပ်၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်အား ပြစ်မှားခြင်းမရှိစေရန် ဗျာဒိတ်တော်ကိုသိုထားခြင်းပင်ဖြစ်နေပေလိမ့်မည်ဟုနားလည်စရာရှိသည်။ ထို့ကြောင့် မိမိတို့သည် မတရားမှုကိုမလုပ်ခြင်း၊ မလှည့်ဖျားခြင်း၊ ခိုးမယူခြင်း စသဖြင့်တို့သည် ဘုရားသခင်အားကြောက်ရွံ့ခြင်းကြောင့်ပင်ဖြစ်ချေသည်မဟုတ်ပါလား။ အပြစ်ဒုစရိုက်ကိုပြုစေရန်စေခိုင်းသော သခင်ထက် ဘုရားသခင်ကို သာ၍ကြောက်ရွံ့တတ်သော ယောသပ်ကို အတုယူ၍ မိမိတို့သည်လည်း ဘုရားသခင်အားပြစ်မှားခြင်းကဲ့သို့ ဖြစ်စေသော မတရားမှု၊ အဓမ္မအမှုအရာများကို လုပ်ဆောင်စေရန် စေခိုင်းတတ်သော သခင်တစ်ဦးဦးမှ ပေါတိဖာမယားကဲ့သို့ အတင်းခိုင်းစေလာလျှင်လည်း ငြင်းဆိုတတ်ပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet