အရာရာ၌

ကျွန်တော်တို့တွေဟာ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ကောင်းစားခြင်းတွေကိုသာ အာရုံစိုက်နေမိသလား။
ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်းတွေကိုသာ ပမာဏထားနေမိပါသလား။ မိမိရဲ့ကောင်းစားခြင်းတွေကြားထဲမှာ ဘုရားသခင်ကိုမေ့လျှော့သွားတတ်ကြတာတွေလည်းရှိကြပါတယ်။ ဆင်းရဲခြင်းတွေထဲမှာလဲ ဘုရားသခင်မကြိုက်တဲ့အရာများကို လုပ်မိကြ၍ ပြစ်မှားမိတတ်ကြပြန်တယ်ဆိုတာကို နားလည်ရတယ်။
ကောင်းစားတော့ ကျေးဇူးတော်၊ ဒုက္ခဆင်းရဲခံရတော့ ဘုရားနဲ့မမှန်လို့ဆိုပြီး သူတပါးကိုဝေဖန်မိတတ်ကြတာတွေလည်းရှိသလို၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်းတွေကို ဘုရားနဲ့မှန်လားမမှန်လားလို့ တိုင်းတာရတာလားဆိုတာကိုဆင်ခြင်ကြည့်ပါဦးလို့ပြောချင်ပါတယ်။ နောက်တစ်ခုက မိမိရဲ့ကောင်းစားခြင်းတွေကနေ ဒုက္ခတွေကြုံတွေ့ရတဲ့အခါမှာရော ဘယ်လိုရင်ဆိုင်မလဲ၊ ဘုရားသခင်ကိုအပြစ်တင်ရင်းနဲ့ ရှေ့ဆက်မှာလားဆိုတာကို ဆင်ခြင်တတ်ဖို့ရာလိုအပ်ပါတယ်။ ယောဘကြီးကတော့ ဘုရားပေးတယ် ဘုရားပြန်ရုပ်သိမ်းတယ်လို့ဆိုပြီး ကျေးဇူးတော်ကိုပဲချီးမွမ်းတာကိုတွေ့ရပါတယ်။
ကျွန်တော်တို့တွေက သူ့လောက်ခံရဦးမလား။ သူ့လောက်ဆိုးပါဦးမလား။ ရှိသမျှ ပစ္စည်းဥစ္စာတစ်နေ့တည်းကုန်တယ် ဆုံးရှုံးရတယ်၊ သားသမီးတွေအကုန်သေတယ်၊ ဒီလိုဒဏ်ကို တစ်ရက်တည်းဘယ်လို ခံစားရမလဲဆိုတာကို တွေးကြည့်တာနဲ့သိနိုင်ပါတယ်။ ဒီလောက်ဖြစ်တာတောင် ကျေးဇူးတော်ချီးမွမ်းတယ်ဆိုတာကိုတွေ့ရတယ်၊ ဘုရားပေးတယ်ကွာ ဘုရားပြန်ရုပ်သိမ်းတယ်ကွာ ဘာဖြစ်လဲလို့ဆိုသလို အဲဒီဘုရားရဲ့နာမတော်ကို မင်္ဂလာရှိပါစေလို့တောင်ဆိုတယ်။ သူဒုက္ခရောက်ပြီး နာကျဥ်ခံစားရတဲ့အမှုများစွာကြုံရတာတောင် တစ်ချက်မပြစ်မှားဘူးဆိုတာကိုတွေ့ရပါတယ်။ မကျန်းမာခြင်းခံစားရတော့ သူ့အမျိုးသမီးက ဖြောင့်မတ်ခြင်းတရားကိုများစွဲလမ်းနေသေးသလား၊ နင့်ဘုရားကိုစွန့်ပြီးသေပါတော့လားလို့ဆိုတဲ့အရာအပေါ် မိန်းမမိုက်တွေပြောသလိုမင်းမပြောပါနဲ့လို့ဆိုခြင်း၊ ဘုရားသခင်ဆီမှ သုခချမ်းသာကိုခံယူတယ် ဘာဖြစ်လို့ ဆင်းရဲဒုက္ခကို မခံယူနိုင်ရမှာလဲဟုဆိုသောစကားသည် အင်မတန်အတုယူစရာကောင်းလှသည်။ မေတ္တာဖြင့်သာတုန့်ပြန်သည်၊ မိန်းမကို ဆဲဆိုရိုက်နှက်၍ ဘုရားသခင်ကိုမစော်ကားနဲ့ဟုမဆိုပေ။ သူကိုယ်တိုင်လည်း နာကျဥ်နေရပေမယ့် နှုတ်ဖြင့်တောင် မမှားယွင်းသည်ကိုအတုယူသင့်ပေသည်။
ယောဘဝတ္တု ၁:၂၁-၂၂
အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။
ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲ နေ၏။
အချုပ်အားဖြင့်ဆိုရလျှင် ကျွန်တော်တို့ယုံကြည်သူများအတွက် မတော်မဆဆိုတာမရှိပါဘူး။ အရာရာတိုင်းသည် ဘုရားသခင်အကြံအစည်ရှိနေပေသည်။ ယောဘကြီး သားသမီး၊ ပစ္စည်းဥစ္စာ၊ သိုးနွားစသဖြင့် တစ်ရက်တည်းနဲ့ဆုံးရှုံးရတယ်၊ နောက်တော့ မကျန်းမာခြင်းခံစားရတယ်၊ သူ့ကိုအားပေးမယ့် သူငယ်ချင်းတွေကတောင် သူခံစားနေရတာကိုမြင်၍ ဘုရားနဲ့မမှန်လို့ပါကွာလို့တောင် အထင်လွဲခံရတယ်။ ဒါပေမယ့် ဒါတွေအားလုံးသည် သူ့အပေါ်မှာ အကြံအစည်ရှိတယ်ဆိုတာကို နားလည်ရပါတယ်။ နောက်ဆုံးမှာ ၂ဆသောကောင်းကြီးကိုခံစားရတယ်ဆိုတာကိုတွေ့ရတယ်။နောက်တစ်ချက်အတုယူစရာသည် သူတပါးဒုက္ခရောက်နေတဲ့အပေါ်ကို ဘုရားနဲ့မမှန်လို့၊ ဘုရားကိုပြစ်မှားလို့ဟုလည်း အမြင်၊ အထင်နှင့် မဆုံးဖြတ်သင့်သလို၊ ထိုအရာကို ဘုရားသခင်မနှစ်သက်ဘူးဆိုတာသိထားဖို့ရန်လိုအပ်ပေသည်။ ယောဘ၏ ဆင်းရဲချမ်းသာ၊ ကျန်းမာခြင်းမကျန်းမာခြင်း အပေါ် မမူတည်ဘဲ ဘုရားသခင်အပေါ်သစ္စာရှိခြင်းကို တွေ့ရသလို ဆင်းရဲလည်း ဒီမိန်းမဘဲ ချမ်းသာလည်း ဒီမိန်းမဘဲ ဘုရားလည်းမပြောင်းသလို မိန်းမလည်းမပြောင်းသွားဘူးဆိုတာကို သတိပြုစေချင်ပါတယ်။ ကျွန်တော်တို့အယောက်စီတိုင်းသည် ယောဘကဲ့သို့ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း၊ ကျန်းမာခြင်း၊ မကျန်းမာခြင်းတွေ အစရှိသဖြင့်အပေါ်ကို မမူတည်နေဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းတတ်သောသူများဖြစ်ကြစေဖို့ရန် အနည်းငယ် ခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi