သင့်အတွက် မနက်ဖြန်

မနက်ဖြန်ဆိုသောအရာကို လူတိုင်းလူတိုင်း စိတ်ဝင်စားကြပါတယ်။ မဖြစ်လာသေးတဲ့၊ မရောက်သေးတဲ့ မနက်ဖြန်မှာ ဘာတွေကြုံတွေ့ရမလဲ၊ ဘာတွေမြင်ရမလဲ၊ ဘာတွေကိုလုပ်ဆောင်နိုင်မလဲ ဆိုပြီး စိတ်ဝင်စားတာလဲဖြစ်မယ်။ သို့မဟုတ် မနက်ဖြန်ကို တွေးပူရင်း ဒီနေ့မှာလဲ ပူလောင်နေမိတာလဲ ရှိနိုင်ပါတယ်။
ဒီလိုနဲ့ မနက်ဖြန်ဆိုတဲ့ အရာတွေကို မျှော်လင့်ရင်း ပူပန်စွာ ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေ ရှိကောင်းရှိခဲ့ကြမယ်၊ လက်ရှိမှာလဲ ဘာမှန်းမသိတဲ့ မနက်ဖြန်တွေအတွက် စိတ်ပျက်ကောင်း စိတ်ပျက်နေကြမယ်၊ မနက်ဖြန်ကို တွေ့ချင်နေတဲ့ ကျော်လွန်ချင်တဲ့ သူတချို့လဲ ဒီနေ့ကို စိတ်အားငယ်စွာ အားအင်ချိနဲ့စွာနဲ့ ဖြတ်သန်းနေကြသူတွေ၊ စသဖြင့် ရှိကြမယ်လို့ ထင်ပါတယ်။
ကျွန်တော် ငယ်စဥ်အခါတုန်းက "မြဝတီ ရုပ်မြင်သံကြားမှ 'သင့်အတွက် မနက်ဖြန်' ဆိုတဲ့အစီအစဥ်ကို ကြိုက်တယ်၊ မနက်ဖြန်ဘာလာမလဲ သိချင်လွန်းလို့ ပြီးတဲ့အထိစောင့်ကြည့်တယ်။ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်လာမယ့်နေ့တိုင်းမှာ သင့်အတွက် မနက်ဖြန် အစီအစဥ်ကို အမြဲတမ်း စောင့်ကြည့်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ ယုံကြည်သူတွေအတွက်လဲ သခင်ဘုရားရဲ့ သင့်အတွက်မနက်ဖြန်အစီအစဥ်ဆိုတာ ရှိတယ်ဆိုတာကို အနည်းငယ်အားပေးချင်ပါတယ်။
မိတ်ဆွေ ဒီကာလမှာ လက်ရှိ အခြေအနေတွေကို မြင်ယောင်ကြည့်ရင်း မနက်ဖြန်အတွက်ကို စိတ်ပျက်အားငယ်နေသလား၊ ဒါမှမဟုတ် မနက်ဖြန်ကို ကျော်လွန်ဖို့ လွန်ဆွဲနေရသလား၊ စသဖြင့်များစွာသော မနက်ဖြန်တွေကို စိတ်ပျက်အားငယ်မနေပါနဲ့တော့ ဘာဖြစ်လို့လဲဆိုရင် 'သင့်အတွက်မနက်ဖြန်' ဆိုတဲ့ သခင်ဘုရားရဲ့ အစီအစဥ်သည် သင့်အသက်တာမှာ သက်ရောက်ပါတယ်။
ရှင်မဿဲခရစ်ဝင် ၆:၃၄
ထို့ကြောင့် နက်ဖြန်အဘို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဘို့စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သောအရာသည် ယခုနေ့ဘို့ လောက်ပေ၏။
မိမိတို့ယနေ့ကြုံတွေရတဲ့ ခက်ခဲခြင်းတွေ၊ နာကျဥ်ခြင်းတွေသည် ဒီနေ့အဖို့လုံလောက်တယ်၊ မနက်ဖြန်နေ့အဖို့ကို မစိုးရိမ်နဲ့ မနက်ဖြန်ကသာ မိမိတို့အဖို့ စိုးရိမ်ပါစေလို့ ဆိုထားသည့်အတိုင်း မနက်ဖြန်ကိုပိုင်တဲ့ဘုရား၏ လက်တော်ထဲမှာ လုံခြုံစွာမျှော်လင့်စရာရှိပါတယ်။ မနက်ဖြန်မှာ လောကကြီးထဲကထွက်ခွာသွားရရင်လည်း ထိုမနက်ဖြန်သည် ထာဝရကာလအတွက်ဖြစ်သောကြောင့် သေလျှင်မူကား သာ၍အကျိုးရှိ၏လို့ ရှင်ပေါလုဆိုသည့်အတိုင်းပင်ဖြစ်ပေသည် မဟုတ်ပါလား။
မိမိတို့အတွက် သခင်ဘုရား၏ သင့်အတွက် မနက်ဖြန် အစီအစဥ်သည် ယခုဘဝ၊ နောင်ဘဝအတွက် လုံလောက်တယ်။ ထိုမနက်ဖြန်သည်သာ သင်နှင့်ကျွန်ုပ်တို့ မျှော်လင့်ရမည့် မနက်ဖြန်ဖြစ်တယ်၊ လက်ရှိကြုံတွေနေရသော အရာများထဲမှ ကျွန်ုပ်တို့အတွက် သခင်ဘုရား၏ ထိုမနက်ဖြန်ကို မျှော်ကြည့်ရင်း သခင်ယေရှုခရစ်တော်ကိုသာ စေ့စေ့ထောက်ရှုကြရင်း အားယူ၍ရဲရင့်ခြင်း ရှိကြပါစို့ဟု အနည်းငယ် တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet