နာခံခြင်း၊ အဓိက နှင့် သာမည

ပေတရုသည် လှေနှစ်စီးနစ်လုမတတ် ငါးနှင့်ပြည့်နေသော လှေငယ်နှင့် အခြားသောအရာများကို စွန့်၍ ယေရှုခရစ်တော်၏ နောက်တော်သို့သာ လိုက်ခဲ့သည်။
ထိုငါးများသည် တစ်ညလုံး သူကြိုးစား၍ ရှာနေခဲ့သောငါးများ ဖြစ်သော်လည်း ယေရှုခရစ်တော်ကိုသာ သူမြင်တယ်။ ထိုအကြောင်းအရာကို အနည်းငယ်ဆင်ခြင်ကြည့်လျှင် အပိုင်း(၃)ပိုင်းကို သင်ယူမိပါတယ်။
ပေတရုအား ယေရှုဆိုသော ရေနက်ရာသို့ရွှေ့ပါဟူသောအရာကိုလည်း သူလိုက်နာခဲ့သည်။ ကိုယ်တော်ပြောရင် လုပ်မည်၊ ကျွန်တော် လုပ်ဆောင်ခဲ့ပြီးပြီ၊ ဒီနေရာကို ပိုက်ကွန်ပစ်ခဲ့ပြီးပြီ သို့သော် ကိုယ်တော့်စကားနားထောင်မည်ဟူသော နာခံခြင်းကိုမြင်တွေ့ရပါတယ်။
ပေတရုသည် တံငါသည်ဖြစ်တယ်၊ ထိုနေရာကို ကျွမ်းကျင်သူတစ်ဦးဆိုလျှင်မမှားပါ။ တနည်းဆိုရရင် သူသည် ထိုရေအိုင်၏ အနေအထား၊ အခြေအနေနှင့် ဘယ်လိုနေရာမှာ ငါးရှိသည်ကအစ ကျွမ်းကျင်သူဖြစ်သည်။ ထိုနေရာမှာ သူ့ကျက်စားရာဖြစ်နေချေသည်။ ပုံမှန်အတွေး၊ သဘာဝအတိုင်းဆိုရင်တော့ ငါးမရှိရာနေရာကို၊ ထပ်ဖမ်းလဲ ဘာမှ မရနိုင်ချေ၊ ရရင်တောင်မှ အနည်းငယ်သာဖြစ်ပေမည်။
ရှင်လုကာခရစ်ဝင် ၅:၆
ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပြတ်စရှိ၏။
ကျွမ်းကျင်သူဖြစ်လင့်ကစား၊ လုပ်ပြီးသား ဖမ်းပြီးသားနေရာဖြစ်သော်လည်း သခင်ခိုင်းရင် ထပ်လုပ်မည်ဟူသော နာခံခြင်းကို တပည့်တော် မဖြစ်ခင်ကတည်းကမြင်ရပါသည်။
ရှင်လုကာခရစ်ဝင် ၅:၁၀
ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
သူကြိုးစားနေခြင်း၊ သူ့ရဲ့စီးပွားရေး၊ သူ့ရဲ့အသက်ရှင်ခြင်းသည် လောကအရာအတွက်၊ စားဝတ်နေရေးအတွက်ဖြစ်ခဲ့သည်။ သူများနေသလို နေနိုင်ဖို့၊ သူများဝတ်သလို ဝတ်နိုင်ဖို့၊ သုံးနိုင်ဖို့၊ စားနိုင်ဖို့၊ စသဖြင့်ဖြစ်ကောင်းဖြစ်ခဲ့မည်။ သူ့ရဲ့ စီးပွားရေးဖြစ်သော ငါးဖမ်းလုပ်ငန်းစတင်အောင်မြင်လာခဲ့ပြီ။ ထိုငါးတွေကို ရောင်း၍ သူ့အတွက်၊ လောကအရာများကို လဲလှယ်နိုင်သည်။ လူများကြား ရင်ကော့ ခေါင်းမော့နိုင်သည်။ ကြိုးစားခဲ့သမျှ၊ ဖမ်းမိခဲ့သမျှ စွန့်ပစ်ထားခဲ့ရအောင် သူဟာ အသိဥာဏ်မဲ့သူမဟုတ်ချေ။ သူလည်း စဥ်းစားတတ်သူ၊ အရွယ်ရောက်ပြီးသူတစ်ဦးဖြစ်သည်။ သို့သော် သူသည် အဓိကနှင့်သာမညကို ခွဲခြားမြင်သောသူဖြစ်သည်ဟု ဆိုနိုင်သည်။
လောကအရာတွေထက်၊ ထိုသခင်ကိုမြင်သည်။ ထိုသခင်နှင့်အတူရှိခြင်းသည် သာ၍ တန်ဖိုးရှိကြောင်း သူ၏မြင်တတ်ခြင်းကို မိမိတို့ ယုံကြည်သူတွေ အတုယူသင့်သည်။ အားအားရှိ အောင်မြင်ခြင်း၊ ကြီးပွားချမ်းသာ၊ ကျန်းမာကျန်းမာကိုသာ မြင်နေတတ်၊ လိုချင်တပ်မက်နေခြင်းဖြစ်နေတတ်ကြသလားဆိုတာ ဆင်ခြင်ဖို့လိုလာပါတယ်။ ဒါပဲကြားရင် ဒါပဲမြင်မယ်ဆိုတာတော့ နားလည်ထားဖို့လိုပါတယ်။ အောင်မြင်ခြင်းတွေ၊ လှေနှစ်စီးနစ်လုမတတ်၊ ရေနက်ရာသို့ရွှေ့ပါ စသဖြင့်တွေသာ ကြားရပြီး နာခံခြင်း၊ အဓိကနဲ့သာမညကိုခွဲမြင်ခြင်း၊ လှေနှစ်စီးနစ်လုမတတ်ဆိုတာကို စွန့်၍ နောက်တော်သို့ လိုက်ခြင်းကိုတော့ မေ့နေကြပါသလား။ ကျွန်တော်တို့တွေက လောကအရာတွေကိုသာလိုချင်တတ်ကြတယ်၊ အောင်မြင်ချင်တယ်၊ ချမ်းသာချင်တယ်၊ ကျန်းမာချမ်းသာမှ ဘုရားနဲ့မှန်တာလို့ဆိုပြီး အလွဲယူတတ်ကြတယ်၊ မိမိရဲ့ တပ်မက်ခြင်းတွေကို မမြင်တတ်ကြဘူးဖြစ်တယ်။
ရှင်လုကာခရစ်ဝင် ၅:၁၁
ကမ်းနားမှာလှေကိုဆိုက်ပြီးလျှင်၊ ထိုသူတို့သည် ရှိသမျှတို့ကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
ယေရှုကတော့ ငါသည်လောကနှင့်မဆိုင်ဟု ပြောခဲ့ပါတယ်။ ကျွန်တော်တို့က လောကမှာနေရသောကြောင့် လောကအရာတွေလိုပါတယ်၊ လိုကြောင်းလဲ ကိုယ်တော်သိပါတယ်၊ လိုလို့လဲ ပေးပါတယ် သို့သော် အဓိကနဲ့သာမညကို ခွဲခြားမြင်တတ်ပြီး နာခံခြင်းရှိသော ယုံကြည်သူခရစ်ယာန်များဖြစ်ကြပြီးတော့ နောက်တော်သို့လိုက်ကာ ယေရှုခရစ်တော်ကိုသာ စေ့စေ့ကြည့်သော အသက်တာဖြစ်ကြပါစို့လို့ အနည်းငယ်ဝေမျှ တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet