နှလုံးထဲမှထွက်လာသည်

ကျွန်တော်တို့၏ စိတ်ထဲတွင်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ ပြုမိကြတဲ့ အရာများစွာ ရှိတတ်ကြပါသည်။ ထိုအရာများကို ကျွန်တော်တို့သိလည်းသိကြသည်။ သို့သော် တခါတလေတွင် မိမိတို့၏ မသိစိတ်တွင် အပြစ်ဖြစ်သည်ကို သိနေပါသော်လည်း မိမိကိုယ်ကိုယ် လိမ်ညာမိကြသည်။ ဒါက ကိစ္စမရှိပါဘူး၊ ငါလုပ်ချင်လို့ မဟုတ်ဘူး၊ သူများလုပ်ခိုင်းတာပဲ ပြဿနာမရှိပါဘူး၊ သူတို့ကလုပ်တာကိုး စသဖြင့် မသိသလိုနေလိုက်မိသည်။ ယောသပ်သည် မိမိသခင်မ၏ သူနှင့်အတူအိပ်စေရန် စေခိုင်းခြင်း သွေးဆောင်ခြင်းများကို မနာခံခဲ့ပေ။ ဘုရားသခင်အားပြစ်မှားခြင်းဖြစ်စေမည်ကိုသိသည်၊ အပြစ်ကိုသိသောကြောင့် ထိုစေခိုင်းခြင်းမှ ထွက်ပြေးခဲ့သည်။ ယနေ့ ကျွန်တော်တို့ကတော့ သူများစေခိုင်းခြင်းကြောင့် လုပ်သည်ဟုသာ လက်ညှိုးထိုးမိနေတတ်ကြသေးသလော။
လူအချို့က ထိုသို့ မိမိတို့ အပြစ်လုပ်သော်လည်း မသိသလိုနေကာ အပြစ်မပြုမိသည့် ဟန်ဆောင်ခြင်းကို လုပ်ဆောင်လေ့ရှိသည်။ ထိုအရာမျိုးသည် ဘုရားသခင်ရှေ့၌ မျက်နှာပြောင်ခြင်းမျိုးပင် မဟုတ်ပေဘူးလား။ ဟာသအနေဖြင့်ကြည့်လျှင် စိန်ရွှေငွေ ခိုးမှ သူခိုးမဟုတ်ပါဘူး၊ အောက်ခံအဝတ်ခိုးလျှင်လည်း သူခိုးပါပဲဟုဆိုရမလို ဖြစ်နေပါသည်။ "အီးတွင်းထဲသို့ ခုန်ဆင်းလဲ အီးပေပြီး နံမှာဖြစ်သလို၊ ခြေထိပ်လေးသာ စိမ်လျှင်လည်း အီးပေသည်ဟု ဆိုရမလို နံလည်းနံပေဦးတော့ပါသည်။"
ထို့ကြောင့် မိမိတို့၏ စိတ်နှလုံးမှ ကြံစည်ခြင်းအားဖြင့် ပြုမူမိခြင်းမျိုးသည် ညစ်ညူးစေတတ်သည်ကိုလည်း သတိပြုရပေမည်။ မိမိ၏ အမှားကို သိလျှင် ဝန်ခံရမည်၊ နောင်တရကာ ပြန်လည် ဝန်ချသင့်သည်။ "မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍" ဟုတွေ့ရသကဲ့သို့ မိမိတို့ကိုယ်တိုင် လုပ်ဆောင်တတ်ကြခြင်းသည် အင်မတန်မှ ရွံရှာဖွယ် ဒုစရိုက်အပြစ်ပေတည်း။
ထိုအရာများသည် နှလုံးသားမှ ဆိုးညစ်ခြင်းကို အခြေခံ၍ ဖြစ်ပေါ်လေ့ရှိသည်။ မိမိ၏ ဆာလောင် ငတ်မွတ်ခြင်းကို အခြေခံ၍ ခိုးစားခြင်း လုစားခြင်း၊ မိမိ၏ အနိုင်ကျင့် ရိုက်နှက်ချင်စိတ်ကို အခြေခံ၍ သူတပါးအား နာကျင်စေရန် ပြုမူခြင်း၊ မိမိ၏ လူသတ်ချင်သော တိရိစ္ဆာန်စိတ်ကို အခြေခံ၍ လူသတ်မိခြင်း၊ မိမိ၏ လောဘစိတ်ကို အခြေခံ၍ သူတပါးပိုင်ဆိုင်မှုကို လုယူခြင်း ဓါးပြတိုက်ခြင်း စသဖြင့်တို့ကို ပြုမူကာ ညစ်ညူးစေတတ်သည်။
ထိုအရာများသည် သူတပါး၏ စေခိုင်းခြင်းနှင့် မဆိုင်ပေ၊ အဘယ့်ကြောင့်ဆိုသော် နှလုံးသားထဲတွင် ဓမ္မလမ်းစဥ်ရှိသည့် သမ္မာတရားကို ရထားသူသည် သူများစေခိုင်းတိုင်း ထိုသို့မလုပ်ဆောင်ကြသည်ကို သမ္မာကျမ်းစာသည်ပင်လျှင်သက်သေတည်ပါသည်။ "နှုတ်ကပတ်တော်သည် မလိမ္မာသောသူကို လိမ္မာစေသည်" ဟုဆိုသည့်အတိုင်း အသက်တာတွင် ဘုရားရှိသူတိုင်းသည် ထိုအဓမ္မလမ်းစဥ်တို့ကို ရှောင်ကျင်ကာ ဓမ္မလမ်းစဥ်အတိုင်းသာ လျှောက်လှမ်းကြပေသည်မဟုတ်ပါလား။ ထို့ကြောင့် ထိုညစ်ညူးသည့်လမ်းစဥ် အပြုအမူ အကျင့်အကြံများသည် ဓမ္မလမ်းစဥ်နှင့် ဆန့်ကျင်ကာ၊ ငြိမ်းချမ်းသော လူ့ကျင့်ဝတ်တို့နှင့်လည်း မအက်စပ်ကြပေ။
ရှင်မဿဲခရစ်ဝင် ၁၅:၁၈
ခံတွင်းမှထွက်သောအရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကိုညစ်ညူးစေသောအရာဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့၏ နှလုံးသားများကို ဆန်းစစ်ကြပါစို့။ ယနေ့ညစ်ညူးသောအရာများဖြစ်သည့် ခိုးယူခြင်း၊ လုယူခြင်း၊ သူ့အသတ်သတ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ မတရားယူခြင်း စသဖြင့်အမျိုးမျိုးသော ဒုစရိုက်အပြစ်များကို သူတပါးစေခိုင်းခြင်းကြောင့်မဟုတ်ပဲ မိမိ၏ စိတ်နှလုံးမှလုပ်ချင်သောကြောင့်ဟု သိမှတ်ပါစေ။ အပြစ်ကိုသိလျှင် ဝန်ချပါ၊ နောင်တရပါ။ ဘုရားသခင်သည် ထိုအပြစ်များကိုလည်း ခွင့်လွှတ်သကဲ့သို့ ထိုအရာများ၏ ချည်နှောင်ခြင်းမှလည်း လွတ်မြောက်စေပါဦးလိမ့်မည်ဟု အနည်းငယ် တိုက်တွန်းခွန်အားပေးချင်ပါတယ်။ ထို့ကြောင့် "ယနေ့ သင့်ကို ပြန်လာရန် ဘုရားသခင် အလိုရှိသည်" ဟုသာ သတင်းကောင်းလေးပါးရင်း ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet