ကယ်တင်တော်မူပါ

ဒါဝိဒ်အား ရှင်ဘုရင်ရှောလုလိုက်သတ်နေတဲ့အချိန်ကာလတစ်ခု ရှိခဲ့ဖူးသည်။ ထိုအချိန်သည် ဒါဝိဒ်အား ရှောလုအင်မတန် မနာလိုဖြစ်နေချိန်၊ အမှုန့်ကြိတ်ပစ်ချင်လောက်အောင် စိတ်နှလုံးယိုယွင်းနေချိန်လည်းဖြစ်သည်။ ဒါဝိဒ်၏ အပြစ်မရှိပါပဲ ရှောလု၏ မနာလိုခြင်းကြောင့်သာ အသက်ကိုရန်ရှာခဲ့ခြင်းဖြစ်သည်။
ပြစ်မှားခြင်းမရှိ၊ ကျူးလွန်ထားသောအမှု တစုံတရာမရှိ၊ သစ္စာဖောက်ခြင်းမရှိသလို ဥပဒေကိုလည်း မချိုးဖောက်ထားပေ။ သို့သော် မတရားသဖြင့် အသက်ကိုရန်ရှာခြင်းခံခဲ့ရရှာသည်။ တနည်းအားဖြင့် ရှောလုသည် သူ့အား ဘုရားသခင်ပယ်ခြင်း ကိုလက်မခံနိုင်ခြင်းကြောင့်ဖြစ်စေ၊ ဘုရင်နေရာဖယ်ပေးရမည်ကို ကြောက်သောကြောင့်သော်လည်းကောင်း သူ၏ဂုဏ်သတင်းထက် ဒါဝိဒ်၏ကျော်ကြားခြင်းကိုလည်း မနှစ်ခြင်းကြောင့်သော်လည်းကောင်းဖြစ်သည်။ "ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း" သည်ပင်လျှင် သက်သေဖြစ်သည်မဟုတ်ပါလား။
သေချာမြင်အောင်ကြည့်လျှင် ဒါဝိဒ်သည် ဣသရေလပြည်သားတစ်ယောက်၊ ရှောလုဘုရင်၏ ငယ်သားတစ်ဦး၊ စောင်းတီးသော ဂီတသမားလေး၊ သိုးကျောင်းသော ပြည်သူ၊ အစ်ကိုတွေရှိသော ညီငယ်တစ်ယောက်၊ ဖခင်နှင့်မိခင်တို့၏ ချစ်သား၊ ဇနီးသည်၏ အားကိုးရာ လင်ယောကျ်ားတစ်ဦးသာဖြစ်ချေသည်။ တရားဥပဒေတို့ကို အစဥ်လေးစားလိုက်နာခဲ့သည့် ပြည်သူတစ်ယောက်ဖြစ်သည့် ဒါဝိဒ်ခဗျာမှာတော့ ရှောလုမင်း၏ မနာလိုခြင်းနှင့် စိတ်နှလုံးယိုယွင်းမှုကြောင့် မတရားသတ်ဖြတ်ခြင်းကို ရင်ဆိုင်ခဲ့ရပေသည်။
ရှောလုသည် အင်္ဂေဒိတော၌ ဒါဝိဒ်ရှိသည်ဟူသောသတင်းကို ကြားသည်နှင့် လူအင်အားသုံးထောင်နှင့်သွား၍ လိုက်ရှာခဲ့သည်။ ထိုသူတို့သည်လည်း တောတောင်၊ ကျောက်တောင် စသဖြင့်တို့တွင်လည်း လိုက်လံရှာဖွေကြသည်။ ရှောလုကတော့ လမ်းတွင်သိုးခြံရှိသည့်အနားသို့ရောက်သောအခါတွင် ဥမင်ကိုတွေ့၍ ဝင်အိပ်ခဲ့သည်။ ထိုနေရာတစ်ဖက်တစ်ချက်တွင် ဒါဝိဒ်နှင့်သူ၏လူများ ရှိနေသည်ကိုတော့ ရှောလု မသိထားခဲ့ပါ။
သို့သော် ဒါဝိဒ်သည် ရှောလု၏အသက်ကို သတ်ရန်အခွင့်အရေး ရခဲ့ပါသော်လည်း ဖြေလွှတ်ပေးခဲ့သည်။ ရှောလု၏ ဝတ်ရုံလေးကို ဖြတ်ခဲ့မိခြင်းကိုပင် ဒါဝိဒ်နောင်တရခဲ့သည်ကို ကျွန်တော်တို့မြင်တွေ့ရမှာ ဖြစ်ပါသည်။ ဒီနေရာတွင် ဘေးလူများ၏ တိုက်တွန်းခြင်း၊ မိမိ မတရားခံရခြင်းဆိုသည့် စိတ်ခံစားချက်များကြောင့် လက်တုံ့ပြန်ခြင်းထက် ဘုရားသခင်၏လက်တော်၊ ဘုရားသခင်၏ စီရင်ပေးခြင်းကိုသာ ပို၍မြင်ချင်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုချင်ပါသည်။
သုတ္တံကျမ်း ၂၀:၂၂
ငါသည် ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူလိမ့်မည်။
ကျွန်တော်တို့နေထိုင်ရှင်သန်ကြသည့် လောကကြီးထဲတွင် ဖိနှိပ်ခြင်း၊ မတရားခြင်း၊ သစ္စာမဲ့ခြင်း၊ အဓမ္မတရားကြီးစိုးခြင်း၊ အနိုင်ကျင့်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ မှားယွင်းစွာပြုခြင်း၊ ကြီးနိုင်ငယ်ညှဥ်းပြုခြင်း၊ လူစိတ်ပျောက်ကာ ပျက်ဆီးယိုယွင်းခြင်းများစွာရှိတတ်ကြသည်။ ထိုအရာများကို မြင်ရကြားရ ကြုံရသည်တွင် အင်မတန် စိတ်နှလုံကြေကွဲခြင်းနှင့် ငိုကြွေးမြည်တမ်းခြင်းကို ဘုရားသခင်အား အော်ဟစ်ကာ ငိုကြွေးမိကြသည်။
ကျွန်တော်တို့သည်လည်း လူသားများပင်ဖြစ်ပေသည်မို့ စိတ်ခံစားချက်များဖြစ်ပေါ်တတ်ကြသလို လက်တုံ့ပြန်ချင်ကြသည်။ ပြန်လည် ခံစားစေချင်သလို နာကျင်စေချင်မိသည်။ သို့သော် ဒါဝိဒ်အား ဆင်ခြင်မိပြီးသည့်နောက်တွင် ဘုရားသခင်အကုန်သိပါတယ်၊ ဘုရားသခင်မှတ်ထားပါတယ်၊ အကျိုးအပြစ်သည် သူဆပ်ပေးပါလိမ့်မယ်ဆိုတာကို ခံစားလာမိပေသည်။ ထို့ကြောင့် ဒါဝိဒ်က ရှောလုအား ငါသည် ရန်တုံ့ပြုမည်ဟု မဆိုသလို ကျွန်တော်တို့ယုံကြည်သူများသည်လည်း ငါသည် ရန်တုံ့ပြုမည်ဟု မဆိုပဲ ထာဝရဘုရားကို ငံ့လင့်ကြပါစို့။
ဘုရားသခင်သည် ထိုသူတို့၏ အကျိုးအပြစ်တို့ကို ဆပ်ပေးမည်၊ ကျွန်ုပ်တို့၏ မျက်ရည်များကိုလည်း သုတ်ပေးမည်ဖြစ်သလို၊ "ထာဝရဘုရားကို ငံ့လင့်လော့၊ သို့ပြုလျှင် ကယ်တင်တော်မူလိမ့်မည်" ဟုဆိုသကဲ့သို့ ကျွန်ုပ်တို့သည် ထိုကယ်တင်ရာနေ့ကို စောင့်မျှော်ကာ ငိုကြွေးလျှက်နေကြပါသည် အရှင်ဘုရား ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet