မတရားမှု၌ မရပ်တည်သူ

ဓမ္မရာဇဝင် တတိယစောင် အခန်းကြီး ၁၈ တွင် ဩဗဒိဆိုသူကို မြင်တွေ့ရသည်။ ထိုသူသည် ထာဝရဘုရားကို အလွန်ရိုသေသောသူဟူ၍လည်း တွေ့ရပေသည်။ ထူးခြားချက်မှာ ဩဗဒိဆိုသူအား မတရားမှု၊ အဓမ္မမှု သို့မဟုတ် အာဏာရှိသူသည် ပရောဖက်များအား မတရားသတ်ဖြတ်ခြင်း၌ ရပ်တည်ခြင်းနှင့် ထိုအာဏာတော်အား ဖီဆန်ရခြင်း အကြားတွင် လွန်ဆွဲရသူအဖြစ် ရှုမြင်ရနိုင်ပေသည်။
အကြောင်းမှာ ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်များကို သတ်ဖြတ်စဥ်အချိန်တစ်ခုတွင် ထိုသူက ပရောဖက်အများသေရမည့် အရေးကို ကယ်တင်မည်လား သို့မဟုတ် အာဏာရှင်၏ အသေသတ်မည့်အမိန့်ကို လိုက်နာ၍ ပူးပေါင်းမည်လား ဆို၍ လွန်ဆွဲရခြင်းပင်ဖြစ်ပေသည်။
အကျိုးဆက်ကိုကြည့်လျှင် ထိုအမိန့်ကို လိုက်နာလျှင် ဩဗဒိ၏အကျိုးများမည်မှာ သေချာပေသည်။ သို့သော် မလိုက်နာပါက ဆုံးရှုံးခြင်းဖြစ်မည် တနည်းဆိုရသော် အာဏာဖီဆန်ပါက ဩဗဒိ၏ အသက်နှင့်ကိုယ် အိုးစားကွဲရမည်မှာ မြေကြီးလက်ခတ်မလွဲပင်မဟုတ်ပါလား။ မိတ်ဆွေဆိုလျှင်ရော မည်သို့ ဆုံးဖြတ်မည်နည်း။ မတရားမှုဘက်၌ ရပ်တည်ကာ ကိုယ်ကျိုးရှာမည်လား၊ သို့မဟုတ် ဆုံးရှုံးနိုင်မည်ကိုသိသော်လည်း ဘုရားသခင်နှစ်သက်သောအရာကိုသာ ရွေးချယ်မည်လား။
ဩဗဒိကတော့ ယေဇဗေလပြုသည့် မတရားမှု၌ မရပ်တည်ပဲ ပရောဖက်တစ်ရာအား မြေတွင်းထဲတွင် ငါးဆယ်စီဝှက်ထားကာ မုန့်ကျွေး ရေတိုက်သည်။ ထိုအရာတို့သည် ယေဇဗေလ၏ အလိုနှင့်ဆန့်ကျင်နေပေသည်။ ယေဇဗေလသည် သတ်ရန်ကြံစည်သည်၊ ပရောဖက်များအားသတ်နေပါသည်ဟုဆိုကာမှ ထိုသူက ကယ်တင်ခြင်း၊ ဖွက်ထားခြင်း၊ ရေတိုက် မုန့်ကျွေးနေခြင်းသည် ယေဇဗေလ၏ အာဏာကိုဖီဆန်နေခြင်းပင်ဖြစ်ပေသည်။ တနည်းဆိုရသော် ထာဝရဘုရား၏ ပရောဖက်များကိုသတ်သော မတရားမှု၌ သဘောမတူသဖြင့် အာဏာရှင် ယေဇဗေလ၏တစ်ဖက်၌ ရပ်တည်ကာ ဩဗဒိပြုသော (CDM) ဟုပင်ခေါ်ဆိုနိုင်ပေသည်။
ဓမ္မရာဇဝင် တတိယစောင် ၁၈:၄
ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို ပယ်ဖြတ်သောအခါ၊ ဩဗဒိသည် ပရောဖက်တစ်ရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးလေ၏။
ဩဗဒိဆိုသူသည် ကျမ်းစာထဲတွင် ကြီးကြီးကျယ်ကျယ် ပါဝင်ဖော်ပြထားသူမဟုတ်ပါ၊ သို့သော် ထိုသူပါဝင်နေသည့်နေရာ၊ ထိုသူ၏ ရပ်တည်ချက်၊ ရွေးချယ်ခြင်းကို ဆင်ခြင်ကြည့်လျှင် ဆင်ခြင်နိုင်သလောက် ကျွန်ုပ်တို့အတွက် ဝိညာဥ်ရေးရာခွန်အားယူနိုင်ပေသည်မဟုတ်ပါလား။ ထာဝရဘုရားကို အလွန်ရိုသေသောသူဟူသည့်အရာကို စကားအားဖြင့်သာမဟုတ်ပဲ သူ၏ ရပ်တည်ချက်၊ ရွေးချယ်မှု၊ လုပ်ဆောင်ချက်တို့ဖြင့် သက်သေပြသွားခြင်းဟူ၍ပင် သင်ယူမိပါသည်။
မတရားမှုနှင့်အတူရပ်တည်ခြင်း၊ မတရားမှုကိုဆန့်ကျင်ခြင်း နှစ်ခုလွန်ဆွဲရာ၌ အကျိုးခံစားခွင့်နှင့် ဆုံးရှုံးခြင်းတို့သည်လည်း ဝင်ရောက်လွန်ဆွဲတတ်ကြပေသည်။ သို့သော်လည်း အကျိုးခံစားခွင့်များထက် မတရားမှု၌ မရပ်တည်သော ထာဝရဘုရားကို အလွန်ရိုသေသူ ဩဗဒိကတော့ မတရားမှု၌ မရပ်တည်သူဖြစ်ကြောင်းအား သူ၏လုပ်ရပ်၊ သူ၏ ရပ်တည်ချက်၊ သူ၏ ပြတ်သားသော ဆုံးဖြတ်ချက်တို့သည် ကျွန်ုပ်တို့မြင်တွေ့ရသော သက်သေများပင်ဖြစ်ပေတော့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း ဘုရားသခင်မနှစ်သက်သောအရာ၊ မတရားမှု၊ အဓမ္မအမှုများအား ပြတ်သားစွာ ရပ်တည်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet