ဘုရားသခင်ကိုပြစ်မှာစေမိမှာကြောက်သလော

ကားမောင်းသွားရင်းနဲ့တံတားပေါ်ကအဆင်း ရှေ့တစ်နေရာအရောက်မှာ လမ်းကျဥ်းသွားသောကြောင့် ကားလမ်းအတွက် နှစ်လမ်းရှိပေမယ့် တံတားဆင်းဆင်းခြင်းကို လမ်းယူမရပေ။ ထို့ကြောင့်ရှေ့ကားနောက်တွင် မှေးရပ်၍ ဖြေးဖြေးကပ်လိုက်ပါတယ်၊ မျက်နှာချင်းဆိုင်လမ်းတွင် ကားရှင်းသော်လဲ တံတားဆင်းဆင်းခြင်းဖြစ်စေ၊ တံတားပေါ်တွင်ဖြစ်စေကျော်မတတ်ရဆိုသော လမ်းစည်းကမ်းရှိသည်။ ထို့အပြင်ထိုလမ်းက မျဥ်းပတ်ဖြစ်သောကြောင့် ပို၍လမ်းကို ခွခွင့်မရှိ။ ကျွန်တော့်ကားကို ဟွန်းတီး၍ ကျော်တက်စေချင်သော်လည်း ကျွန်ုပ်တုပ်တုပ်မျှမလှုပ်ပေ အဘယ့်ကြောင့်ဆိုသော် လမ်းစည်းကမ်းကိုသိ၍ပင်ဖြစ်သည်။ သိရုံသိလို့မရ လိုက်နာရသေး၏၊ သိတယ် သို့သော် လမ်းရှင်းလို့လုပ်တာဆိုတာမျိုးလဲ မဖြစ်ရပေ။
ဒါဟာလမ်းစည်းကမ်းပဲရှိပါသေးသည်။ မိမိရဲ့စိတ်နှလုံးထဲတွင် ဘာထည့်ထားတာလဲဆိုတာသည် သိပ်ကိုအရေးပါလှသည်။ တခြားကားမောင်းတဲ့သူတွေလို လစ်ရင်လုပ်လို့ရတယ်၊ လူတချို့က ရဲမရှိရင်ခိုးလို့ရတယ်၊ ဥပဒေမရှိရင် လူသတ်လို့ရတယ် ဆိုတာမျိုးဖြစ်နေပါသလား။ မိမိရဲ့ ဒုစရိုက်ပြုခြင်း မပြုခြင်းသည် ထိုကဲ့သို့အခြေအနေပေါ် မူတည်နေတာလား၊ ထိုကဲ့သို့ သွန်သင်ထားခြင်းကိုခံနေရတာလား ဆိုတာကိုဆင်ခြင်ကြည့်ပါ။ မိမိက လူတစ်ယောက်ကိုကြည့်မရလို့ မကြိုက်လို့ သတ်ချင်တယ်ဆိုကြပါစို့။ သို့သော် ဘာလို့မသတ်လဲဆိုရင် မိမိရဲ့ မိဘ၊ ညီကိုမောင်နှမ၊ သူငယ်ချင်းတွေကို ချစ်လို့၊ ဥပဒေကရှိနေလို့၊ တရားစီရင်လို့ ထောင်ကျရင် ထိုချစ်ရသူတွေနဲ့ ခွဲခွာရမည်စိုး၍လား ဆိုတာဟာ သင်ကိုယ်တိုင် ဆင်ခြင်ရမည်။
ဥပဒေလိုက်နာရမည်၊ ထိုသူတွေကိုလဲ ချစ်ရမည် မှန်ပါသည် သို့သော် ထိုအရာတွေကြောင့် ဘုရားသခင်ကို ပြစ်မှားမှာစိုးလို့ မဟုတ်တာသည် လွဲမှားနေသည်။
ယောသပ်ကတော့ သခင်ရဲ့မယားကို ဥပဒေကြောက်လို့၊ လူတွေကိုချစ်လို့ဆိုပြီး အပြစ်မပြုတာမဟုတ်ဘဲ ငါဘယ်လိုများ ဘုရားသခင်ကို ပြစ်မှားနိုင်မှာလဲလို့သာဆိုတာကိုတွေ့ရပါတယ်။ သင့်ကိုနားလည်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးပေးပါစေ။
ကမ္ဘာဦးကျမ်း ၃၉:၉
ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သော သခင်မမှတစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အားမမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။
ဆာလံဆရာကတော့ ကိုယ်တော်ကို မပြစ်မှားဘဲ နေမည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားတယ်လို့ဆိုပါတယ်။ ကျွန်ုပ်တို့သည် ဘယ်အမှုကိုပြုပြုဘုရားသခင်မသိတဲ့အရာ မရှိပါ။ တစ်ခုခုလုပ်မယ် ဒါဘုရားသခင်ကြိုက်သလား မကြိုက်သလား၊ ဘုရားဘုန်းထင်ရှားမလား၊ ဘုရားသခင်နှစ်သက်သောအမှုလား၊ ဘုရားသခင်ကို ပြစ်မှားစေမယ့်အရာလားဆိုတာတွေကိုသာ အဓိကထားရမည်ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်ကိုပြစ်မှားရခြင်းထက် သင့်ရဲ့ အပြစ်ပြုခြင်းသည် ဥပဒေတို့ အခြားသောအရာတွေကိုကြောက်လို့ဆိုတာသည် လွဲမှားနေသော ကိုးကွယ်ခြင်းနှင့် သွန်သင်ခြင်းတွေဖြစ်နေပါသောကြောင့် ကိုယ်တော်ကို မပြစ်မှားဘဲ နေမည်အကြောင်း ဗျာဒိတ်တော်ကို သင့်နှလုံးသားထဲမှာ သိုထားဖို့ရန်လိုပါတယ်လို့ အနည်းငယ်ဝေမျှတိုက်တွန်းချင်ပါတယ်။
ဆာလံကျမ်း ၁၁၉:၁၁
ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi