ဝန်တာစိတ်ဖြင့်

နေဟမိသည် ယေရုရှလင်မြို့တော်နှင့်ဝေးကွာနေသော်လည်း သူ့စိတ်ဝိညာဥ်သည် သူ့လူမျိုးတော်နှင့်အတူရှိနေသလို နှလုံးသားမှာလည်း မြို့တော်၌သာ ကျန်နေခဲ့ဟန်တူသည်။ အဖမ်းခံရစဥ်မှ နှစ်ပေါင်းများစွာ ကြာသော်လည်း မပြောင်းလဲသော စိတ်သဘောထားသည် ထိုသို့ပင်ဖြစ်ချေသည်။
သတင်းကိုကြားရန်လည်း အမြဲတမ်းနားကိုစွင့်လို့ မျက်စိကိုဖွင့်ထားဟန်လည်းရသည်။ တနေ့သ၌ နေဟမိ၏ညီ ဟာနန်နှင့် ယုဒလူအချို့သည် သူ့ထံသို့ရောက်လာသည်နှင့် တပြိုင်နက် တိုင်းရေးပြည်ရေးအခြေအနေနှင့် လူမျိုးတော်တွေ၏ သာရေးနာရေးမေးမြန်းလေတော့သည်။ ထိုသူတို့ရောက်သည်နှင့် ကြားရသော သတင်းစကားသည် ရင်ဝကို ကန်ကျောက် လည်မျိုကို ခဲမှန်သလို ခံစားရသည့် ခံစားချက်ဖြစ်သောကြောင့် သူ့တသက်မေ့နိုင်မည်မထင်။
မြို့ရိုးလည်း ပြိုပျက်၊ မြို့တံခါးက မီးလောင်၊ လူတွေလည်း ခွေးပြေး ဝက်ပြေး ပြေးရ၊ ဖိနှိပ်ခံရတဲ့ ဆင်းရဲဒုက္ခကို ရင်ဝယ်ပိုက်ကာ ခွဲခြားဆက်ဆံခြင်းကို ခေါင်းငုံရင်ဆိုင်ရင်း နေ့ရက်တိုင်း နေ့ရက်တိုင်းကို ငိုကြွေးခြင်းများနဲ့သာ ဖြတ်သန်းနေရသော ယုဒလူမျိုးတွေအတွက် နေဟမိ၏ မျက်ရည်သွန်းဖြိုးခြင်းနှင့် စိတ်နှလုံးကြေကွဲခြင်းသည် ထိုက်သင့်လှပေ၏။
နာကျဥ်စွာ ငိုကြွေးရင်း အစာပါရှောင်ကာ တောင်းတဲ့ဆုကတော့ ဝန်ကြီးချုပ်ကြီး၊ ဘုရင်ခံကြီးဖြစ်စေဖို့တော့ မဟုတ်ခဲ့ပေ။ မျက်ရည်နဲ့တကွ တောင်းတဲ့ဆုကတော့ လူမျိုးတော်နဲ့ မြို့တော်အတွက်တဲ့လေ။
"ငါ့အတ္တကို ဖက်နဲ့ထုပ်ပြီး ငါ့ဇာတိနဲ့အတူ ရေဆုန်မျှောလို့ ငါငိုကြွေးရင်း ဝန်တာစိတ်နဲ့ ဆုတောင်းချက်က ငါဆိုတဲ့ ငါအတွက် မဟုတ်ခဲ့ဘူး" လို့တီးတိုးရေရွတ်မိလေမလား။
နေရက်တွေ ကြာညောင်းလို့ လတွေရက်တွေ ပြောင်းလာပေမယ့် ဆုတောင်းသံ မရပ်ခဲ့။ အစာရှောင်ခြင်းက အဆာငတ်ခံဆန္ဒပြခြင်းမဟုတ်တာတော့ အသေအချာဖြစ်ခဲ့မည်။ နေဟမိရဲ့ အင်တန်ကာလ အစာရှောင် ဆုတောင်းခြင်းသည် မည်မျှကြာညောင်းခဲ့မည်မသိသောကြောင့် ကျွန်တော်ကတော့ "နေဟမိနှင့် ဘုရားသခင်ကြားက လျှို့ဝှက်သော နေ့ရက်များ" ဟုပင် တင်စားကာ ခေါ်ဆိုလိုက်ချင်ပါသည်။
နေဟမိမှတ်စာ ၁:၄
ထိုစကားကိုကြားလျှင်၊ ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသောပတ္ထနာ ဟူမူကား၊
အေးဆေးစွာနေမည်ဆို နေနိုင်သည် သို့သော် အဝေးရောက်နေပါသော်လည်း ဝန်တာစိတ်က ကြီးစိုးနေတဲ့ နေဟမိကိုတော့ လေးစားအတုယူစရာပင် ဖြစ်နေခဲ့ပေသည်။ ယနေ့ ကျွန်ုပ်တို့၏ ဆုတောင်းသံတွေက "ငါဆိုတဲ့ ငါ့အတွက်" များဖြစ်နေလေမလား။ တစ်ကြိမ်တစ်ခါတော့ "အသင်းတော်နဲ့သာသနာအတွက်" ဆိုသော ဝန်တာလေးထားရင်း ဆုတောင်းကြဖို့ သတိရမိဖို့ကို နေဟမိကြီးများ သတိပေးနေလေသလားဆိုတာကို ဆင်ခြင်ရင်း ...
ရောက်တဲ့နေရာ၊ ရှိတဲ့အရပ်မှာပင် အသင်းတော်နှင့် သာသနာအတွက် လူအားဖြင့်သော်လည်းကောင်း၊ ငွေအားဖြင့်သော်လည်းကောင်း၊ နှုတ်၏ဆောင်မခြင်း အားဖြင့်သော်လည်းကောင်း၊ ဆုတောင်းပေးခြင်းအားဖြင့်သော်လည်းကောင်း ဝန်တာစိတ်ဖြင့် တထောင့်တနေရာမှ ဆပ်ကပ်ပါဝင်ကြရအောင်ဟု အနည်းငယ် တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet