သူများနဲ့မတူရင်လည်းနေပါလေ့စေ

ကျွန်တော်တို့ခရစ်ယာန်တွေက သူများယောင်ရင်လိုက်ယောင်ချင်တယ်၊ သူများလုပ်ရင် လိုက်လုပ်ချင်တယ်၊ သူများဟိုဟာဆို ကိုယ်လဲဟိုဟာ၊ ဒီဟာဆိုလဲ ဒီဟာဖြစ်ကြပြန်တယ်။ ဘုရားသခင်ခန့်ထားသော ရှမွေလ၏အုပ်ချုပ်ခြင်းကို ဣသရေလလူမျိုးတွေဟာ ငြင်းဆန်ပြီး တပါးအမျိုးသားများကဲ့သို့ ဘုရင်လိုချင်ပါတယ်လို့တောင်းဆိုခြင်းကိုတွေ့ရပါတယ်။ ဒါဟာ ရှမွေလကိုသာပယ်ခြင်းမဟုတ်ဘူး ထာဝရဘုရားကိုပါပယ်တာဖြစ်တယ်လို့ နားလည်ရပါတယ်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၈:၇
ထာဝရဘုရားကလည်း၊ သင့်အား လူများတို့ ပြောဆိုသမျှသော စကားကို နားထောင်လော့။ သူတို့သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကို မအုပ်စိုးစေခြင်းငှာ ငါ့ကိုလည်းပယ်ကြပြီ။
ရှမွေလသည် သူတို့အား ဘုရင်၏အုပ်စိုးခံရခြင်း၏အကျိုးဆက်ကိုရှင်းပြသော်လည်း သူတို့သည်လက်မခံကြ။ သူများနည်းတူဖြစ်ရဖို့သာ တောင်းဆိုနေကြခြင်း၊ တူရင်ပြီးရော ဘာတွေဖြစ်ဖြစ်ဖြစ်ပါလေ့စေဆိုသောအရာကိုမြင်ရသည်။ ဒါ့ကြောင့်လဲ နောက်ဆက်တွဲ ခံစားရသော အကျိုးဆက်ကို သူတို့တွေခံစားရခြင်းဖြစ်သည်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၈:၂၀
အကျွန်ုပ်တို့သည် တစ်ပါးအမျိုးသား အပေါင်းတို့နှင့် တူမည်အကြောင်း အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ရှေ့မှာ ထွက်ကြွ၍ စစ်တိုက်ရမည်ဟု ရှမွေလ၏ စကားကို နားမထောင်ဘဲ ဆိုကြ၏။
ဒီလိုပါပဲ လက်ရှိကျွန်တော်တို့ ယုံကြည်သူခရစ်ယာန်တွေကလည်း သူများနည်းတူလိုက်လုပ်ချင်နေသလား၊ သူများယောင်လို့လိုက်ယောင်၊ သူများသွားတဲ့နေရာလိုက်သွား၊ သူများမှားယွင်းမှုပြုလိုက်ပြု၊ သူများမတရားသောစီးပွားရှာ လိုက်ရှာ၊ သူများသောက်စား လိုက်သောက်စား၊ သူများ မတရားသောမေထုန်ဝင် ကိုယ်လိုက်ဝင် အစရှိသဖြင့် ခေတ်မှီတိုးတက်သော ဆိုရှယ်ဆန်သော အရာများကို သူများလုပ်တိုင်း လိုက်လုပ်မိနေပါပြီလား။
တချိုကျပြန်တော့လည်း ဗေဒင်မေးခြင်းကိုသူတပါးမေးတာတွေ့လို့ လိုက်မေးချင်ပြန်၊ သူတပါး အရောအနှောကိုးကွယ်ရင် လိုက်အရောအနှောလုပ်ပြန်၊ သူတပါးလောင်းကစားနဲ့အောင်မြင်ရင် ကိုယ်လဲလုပ်ချင်၊ ဘုရားမကြိုက်ပေမယ့် ငါကြိုက်တယ်လို့ ဆိုချင်သောသူများကလည်းရှိနေသေးသည်။ သင်နှင့်ကျွန်ုပ်သည် ထိုအထဲတွင်မပါဝင်သော သူတွေဖြစ်စေဖို့ရာ သမ္မာတရားကို သမ္မာသတိနှင့်ထိန်းကြရအောင် ဆင်ခြင်ဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ယုံကြည်သူခရစ်ယာန်တွေဟာ သူတပါးနဲ့ မတူရင်လည်းနေပါစေ ဘုရားသခင်ကို ပြစ်မှားစေခြင်းမဖြစ်စေဖို့နှင့် သမ္မာတရားကိုပိုင်းခြားနာလည်ကာ သမ္မာသတိရှိစွာဖြင့် အလိုတော်အတိုင်းသာ ဆင်ခြင်အသက်ရှင်သောသူတွေဖြစ်စေဖို့ရာ အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet