အကြီးမြတ်ဆုံးသော နာမတော်

တစ်ရက်တွင် ရုပ်ရှင်မှာ နတ်ဆိုးထုတ်သော အခန်းလေးပါလာသည်ကို မြင်လိုက်မိသည်။ ထိုအရာမှာ ထုတ်နေသော ခရစ်ယာန်ဘုန်းကြီးသည် သေကောင်ပေါင်းလဲ ပင်ပန်းစွာ အော်ဟစ်နေရခြင်းသာမက အတော်ကို ဒုက္ခရောက်ရသည်။ ထွက်ပြောလဲ ဟိုကောင်က ပြောင်ပြလိုက်နှင့် သူ့ခဗျာသနားစရာပုံသာ ပေါက်နေရှာလေရော့သည်။ သူဘယ် နာမတော်ကိုသုံးတာလဲ၊ နှင်ထုတ်ဖို့အတွက် နာမည်မေးဖို့လိုသလား၊ စာတစ်တန် ပေတစ်တန်နှင့် ရေလောင်းလိုက် ဖယောင်းသုတ်လိုက်တွေလိုလို့လား၊ လက်ဝါးကပ်တိုင်ပြစရာတွေ၊ လက်ဝါးကပ်တိုင်ပါသော အစွပ်သုံး၍ လက်သီးနှင့်ထိုးဖို့တောင်မှ လိုရဲ့လားဆိုကို မြင်ယောင်မိလေတော့သည်။
လောကသဘာဝလေးကို အနည်းငယ်ဆင်ခြင်ကြည့်ရရင် လူတစ်ယောက်၏ အမည်နာမတောင် အတော်စွမ်းတာကို သိကြမယ်ထင်ပါတယ်။ ဘယ်သူနဲ့တွေ့မယ် ဘယ်သူ့နာမည်ပြောလိုက်၊ ဘယ်သူကဘာဖြစ်တယ် ဘယ်သူ့နာမည်ပြောလိုက် စသဖြင့် ဘယ်သူဆိုတဲ့ အမည်နာမတွေတောင် အတော်စွမ်းလေရဲ့။ ဘယ်သူဆိုသော သူ၏ သားသမီး၊ ဆွေမျိုး၊ အသိမိတ်ဆွေ၊ လက်အောင်ငယ်သားဆိုသည်မှာပင် စွမ်းသင့်သလောက် စွမ်းကြတယ်မဟုတ်ပါလား။ ဒါက လောကသဘာဝတစ်ခုသာရှိသေးသည်။ သင်ကိုးကွယ်သော ဘုရား၏ နာမတော်သာဆိုလျင် သင်စဥ်းစားကြည့်မိပါရဲ့လား။
မာကု အခန်းကြီး(၅)မှာ ညစ်ညူးသောနတ်ဖြစ်သော လေဂေါင်သည် ယေရှုကို အဝေးကမြင်တာနဲ့တင် ပျပ်ဝပ်၍ ကြီးသောအသံနှင့် တောင်းပန်တာကိုမြင်ရပါတယ်။ ကျွန်တော့်အမြင်ကတော့ ထိုနတ်ဆိုး၏ အမည်ကို ယေရှုမေးလိုက်သည်ကို ကြည့်၍ နတ်ဆိုး၏နာမည်မသိလျှင် နတ်ဆိုးကိုနှင်ထုတ်မရဟု ယူဆလိုက်ကြလေသလားလို့ တွေးမိပါလေရဲ့။ မဿဲ အခန်းကြီး (၁၅)မှ မိန်းမတစ်ယောက်၏ သမီး နတ်ဆိုးစွဲခြင်းကို ကြည့်လျှင်လည်း အပိုတွေလုပ်နေစရာမလိုတာကို သတိထားမိပါလိမ့်မယ်။ မဿဲ (၁၇:၂၁) မှာတော့ စွမ်းအားကြီးတဲ့ နတ်ဆိုးမျိုးကိုတွေ့ရတယ်၊ သူကတော့ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းတွေလိုအပ်တယ်ဆိုတာကို သေသေချာချာနားလည်ရပါတယ်။
ရှင်မာကုခရစ်ဝင် ၁၆:၁၇-၁၈
ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတံ့။
မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတံ့။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတံ့ဟု မိန့်တော်မူ၏။
ငါ့နာမကို အမှီပြု၍လို့ ဆိုသောကြောင့် သင်သည် ထိုအတွက် ရုပ်ရှင်တွေထဲကလို နာမည်တွေမေးလိုက်၊ ရေတွေဖြန်းလိုက် စသဖြင့်ပြဿနာတွေ ကြုံရစရာမလိုပါဘူး၊ နာမတကာတို့ထက် အကြီးမြတ်ဆုံးသောနာမဖြစ်သော နာဇရက်မြို့သား သခင်ယေရှုခရစ်တော်၏ နာမတော်အားဖြင့် ယုံကြည်သူတိုင်း တတ်စွမ်းနိုင်သော အခွင့် အာဏာပင်ဖြစ်သည်။ ရာထူးအကြီး အငယ်သတ်မှတ်ထားသည် မဟုတ်သောကြောင့် ယုံကြည်သူတိုင်း၏ လုပ်ပိုင်ခွင့် အခွင့်တန်ခိုးအာဏာပင်ဖြစ်ပေသည်။
ဒါကိုသင်က ဆုသာတောင်းမည် သင်နှင့်မဆိုင်၊ ဆရာကြီးတွေမှရမည်ထင်လျှင် တစ်ခုခုတော့လွဲနေသေးသည်။ ပေးထားပြီးသားဖြစ်သောကြောင့် သုံးသည်မသုံးသည်က သင်နှင့်ကျွန်ုပ်၏ အပေါ်သာမူတည်နေသည်။ ဆိုကြပါစို့ သင့်ကို သင့်အမေက ငွေငါးသောင်းမုန့်ဖိုးပေးလိုက်လို့ သင့်မှာရှိပါတယ်၊ ဗိုက်ကဆာနေတယ် ဒါပေမယ့် အငတ်ခံချင်ခံပါ ရှိတဲ့ငွေနှင့် ဝယ်စားချင်စားပါ။ ရှိပြီးသားဖြစ်တယ် ပေးထားပြီးသားပါ သင်ထုတ်သုံးမသုံးကတော့ သင့်သဘောပင်။
ယုံကြည်သူတိုင်း၌ရှိသော အခွင့်တန်ခိုးအာဏာသည် အသက်ကြီးသည်ငယ်သည်၊ ဆရာဖြစ်မှ၊ ဘာဖြစ်မှဆိုတာမျိုးတွေ မရှိဘူးဆိုတာ နားလည်ရသလို နာမတကာတို့ထက် အကြီးမြတ်ဆုံးသောနာမဖြစ်သော နာဇရက်မြို့သား သခင်ယေရှုခရစ်တော်၏ နာမတော်ပင်ဖြစ်ပေတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet