One More Chance

လောကမှာ အခွင့်အရေးဆိုတာ တစ်ခါပဲလာတယ်။ နောက်တစ်ခါဆိုတာ မရှိဘူး။ ရထားတစ်စီး ထွက်ခွာသွားရင် နောက်တစ်စီးပြန်လာနိုင်ပေမယ့် အခွင့်အရေးဆိုတာကတော့ နောက်တစ်ကြိမ်မရနိုင်ဘူးလို့ဆိုတတ်ကြတယ်။ ကျွန်တော်တို့ ယုံကြည်သူတွေအတွက်ရော မှန်ပါသလား။
ကျမ်းစာထဲမှ အကြောင်းအရာတွေနဲ့ ချိန်ထိုးပြီး ခွန်အားယူကြရအောင်။ မိတ်ဆွေနဲ့ကျွန်တော်ဟာ တစ်ခုခုကို လက်လွတ်ဆုံးရှုံးခဲ့ဖူးကောင်းဖူးလိမ့်မယ်၊ လူမှုရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ အစရှိသဖြင့်တွေသာမက အမှုတော်မြတ်မှာ ပါဝင်ဖို့အတွက်ကိုလဲ ရှောင်ပြေးခဲ့ဖူးကောင်းဖူးကြမယ်။ ဒီတော့က အဲ့ဒီအတွက်ရော နောက်တစ်ဖန်အခွင့်အရေးဆိုတာကို ရနိုင်ပါ့ဦးမလား၊ ယုံကြည်သူတွေအတွက် အခွင့်အရေးဆိုတာ One Time Chance (တစ်ခါတည်းလာသော အခွင့်အရေး) များလား။ ဆက်ကြည့်ရအောင်။
(၁) ကာဣန ပူဇော်သော ပူဇော်သကာကို ပမာဏမပြုသော်လည်း အခွင့်အရေးထပ်ပေးခဲ့သည်။ ယဇ်ကောင်ရှိရာနေရာကိုပါ ညွှန်ပြပေးခဲ့သည်။
ကမ္ဘာဦးကျမ်း ၄:၇
သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရလော။ ကောင်းမွန်စွာမပြုလျှင်၊ အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။ သူသည်သင်၏အလိုသို့လိုက်၍၊ သင်သည်သူ့ကိုအုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။
(၂) အာဗြဟံသည် ကတိတော်နှင့်ဆိုင်သောသားကို ရမည်ဆိုသော ကတိတော်ရှိသော်လည်း ပထမအကြိမ်တွင် မိမိသဘောနှင့်သာကြံစည်ခဲ့သော်လည်း ဒုတိယအကြိမ် အခွင့်အရေးရခဲ့သည်၊ ချိန်းချက်သောအချိန်၌ ကတိတော်ပြည့်စုံခဲ့သည်။
ကမ္ဘာဦးကျမ်း ၂၁:၂
စာရာသည်ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင်အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက်ကြီးသောအခါ၊ သူ့အားသားကိုဖွားလေ၏။
(၃) ရှမွေလကို ထာဝရဘုရားခေါ်တာကို ၃ကြိမ်လုံးပြန်မထူးခဲ့ဘူး။ ဧလိခေါ်တယ်လို့သာ ထင်ခဲ့ပြီး လွဲချော်ခဲ့သော်လည်း နောက်တစ်ခါ အခွင့်အရေးရခဲ့တယ်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၃:၁၀
ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊-
(၄) ရှံဆုန်ဟာ မှားယွင်းခဲ့သော အသက်တာရှိတယ်၊ အကြိမ်ကြိမ်မှားတယ်၊ အဖမ်းခံရပြီ၊ ရှည်သောဆံပင်နဲ့သန်မာသောခွန်အားပျောက်ဆုံးပြီးလို့ မျက်လုံးလဲဖောက်ခံထားရပါပြီ၊ အခွင့်အရေးမရှိတော့ဘူးလို့ထင်ရပေမယ့် သူထပ်တောင်းဆိုတာကို ဘုရားသခင်ပေးခဲ့တယ်။ အခွင့်အရေးမရတော့ဘူးလို့ ထင်စရာရှိပေမယ့် ထပ်ရခဲ့တယ်။
တရားသူကြီးမှတ်စာ ၁၆:၂၈
ရှံဆုန်ကလည်း၊ အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်မျက်စိနှစ်ဖက်ကို ဖောက်သော ဖိလိတ္တိလူတို့၌ တစ်ပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း၊ ယခုတစ်ကြိမ်မျှသာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ၊
(၅) ဟေဇကိမင်းကြီး သေရတော့မယ်၊ သေနာစွဲတဲ့အချိန်မှာ နောင်တရတယ်၊ နံရံကိုမျက်နှာလှည့်၍ ငိုကြွေးတောင်းပန်တယ်၊ ဆုတောင်းတယ်၊ အခွင့်အရေးမရှိတော့ဘူး သေနာစွဲတယ်ထင်ရပေမယ့်၊ ဘုရားသခင်နားညောင်းခဲ့တယ် အသက်(၁၅)နှစ် ထပ်တိုးပေးခဲ့တယ်။
ဓမ္မရာဇဝင် စတုတ္ထစောင် ၂၀:၅-၆
သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ်ဟေဇကိမင်းထံသို့ တစ်ဖန်သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ပတ္ထနာစကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့်၊ သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့ တက်ရလိမ့်မည်။
သင့်အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ပေးမည်။ သင်နှင့်ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကိုလည်းကောင်းထောက်၍ ဤမြို့ကို ကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မူ၏။
(၆) ပေတရုဟာ သခင်ယေရှုခရစ်တော်ကို သုံးကြိမ်တိုင်တိုင်ငြင်းဆိုထားခဲ့သူဖြစ်တယ်။ သူဟာအခွင့်အရေးမရှိတော့ဘူးလို့ ထင်စရာရှိပေမယ့် အခွင့်အရေးထပ်ပေးခဲ့တယ်။ (ယောဟန် ၂၁:၁၅-၁၇)
ရှင်ယောဟန်ခရစ်ဝင် ၂၁:၁၇
ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။
(၇) ယောနကို ဘုရားသခင်က နိနေဝေမြို့ကိုသွားခိုင်းပြီး ချိန်းခြောက်သောစကားနှင့်ကြွေးကြော်ပါလို့ ဆိုသော်လည်း သူသည်ထွက်ပြေးတယ်။ တာရှုမြို့ကိုပြေးတယ်။ ငါးကြီးဝမ်းထဲသုံးရက်နေရတယ်၊ ငါးကြီးကိုမှာထားတဲ့ အမိန့်တော်အတိုင်း ကုန်းပေါ်မှာပြန်အန်တယ်၊ နိနေဝေမြို့ကိုပြန်ရောက်သွားတယ်။ ဒုတိယအကြိမ် အခွင့်အရေးထပ်ရခဲ့တယ်။
ယောနတ္ထု ၃:၂
သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာ ထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။
(၈) နိနေဝေမြို့ကြီးပျက်စီးဆုံးရှုံးစရာရှိပေမယ့် နောင်တရတဲ့အခါမှာတော့ ဘုရားသခင်သည် နိနေဝေမြို့ကို နောက်တစ်ခါအခွင့်အရေးပြန်ပေးခဲ့တယ်။
ယောနတ္ထု ၃:၁၀
မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ၏။
(၉) တမလွန်ခရီးအတွက် မတိကျမသေချာတဲ့သူတွေ၊ ကယ်တင်ခြင်းစိတ်မချရသေးသောသူတွေအတွက် နောက်ထပ်အခွင့်အရေးကတော့ ယေရှုခရစ်တော်ပင်။ တမလွန်အတွက် တိကျသောအဖြေနှင့် ထာဝရအသက်၏တိကျသော အခွင့်အရေးသည် သင်အသက်ရှင်နေသ၍ပင် ဖြစ်ပေတော့သည်။
ဧဖက်ဩဝါဒစာ ၂:၈-၉
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။
ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ထိုတမလွန်အတွက် စိတ်ချရသောအဖြေဖြစ်သော သခင်ယေရှုခရစ်တော်၏ကယ်တင်ခြင်းကို မိတ်ဆွေက အခွင့်အရေးရှိတုန်းမှာရယူချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
မိတ်ဆွေအမှုတော်မြတ်အတွက် မပါဝင်မိလို့ စိတ်မပျက်ပါနှင့် သင့်အတွက်အခွင့်အရေးရှိပါသေးတယ်။ ဘုရားသခင်၏ ခေါ်ခြင်းကို မတုန့်ပြန်မိလို့၊ မပေးဆပ်မိလို့ နောင်တရနေပါသလား နောက်တစ်ခါခေါ်ခြင်းကိုသာ နားစွင့်ပါ။ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ပညာရေး စသဖြင့်တွေအတွက် အားမငယ်ပါနှင့် နောက်ထပ်အခွင့်အရေးရှိပါသေးတယ်။ အခွင့်အရေးတစ်ကြိမ်ကို ဆုံးရှုံးခဲ့မိလို့ ငိုကြွေးနောင်တမရနေပါနဲ့ သင့်အတွက်၊ ကျွန်တော်အတွက်၊ ယုံကြည်သူတိုင်းအတွက် One More Chance ဆိုတာရှိနေပါသေးတယ်လို့ အနည်းငယ် ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet