မျှော်လင့်ခြင်းနှင့်ပြည့်သော မနက်ဖြန်

မနက်ဖြန်ဆိုပြီး အားတင်းကာလျှောက်လှမ်းကြတဲ့သူတွေရှိသလို မနက်ဖြန်ဆိုတာကို ကြောက်လန့်နေကြသူတွေလည်းရှိသည်။ မနက်ဖြန်ကို စိတ်ပျက်နေသူတွေ၊ မနက်ဖြန်ကို ထိတ်လန့်ကာ သွေးပျက်နေကြသူတွေရှိကြသလို မနက်ဖြန်ကို မျှော်လင့်ရင်း ရှေ့ကိုဆက်နေကြသူတွေလည်းရှိကြသည်။
နက်ဖြန်နေ့သည် သင့်အတွက် ဘယ်လိုနေ့များပါလိမ့်။ အချို့လူတွေအတွက် မနက်ဖြန်ဆိုသည်မှာ ကမ္ဘာပျက်မတတ်ဖြစ်ကောင်းဖြစ်မည်။ မနက်ဖြန်သည် ငရဲအလား စိုးထိတ်နေမိကြသူတွေလည်းရှိမည်။ မိမိတို့၏ ပိုင်ဆိုင်မှုတွေ၊ အားကိုးအားထားရာ စည်းစိမ်၊ အာဏာ၊ လူ၊ အစရှိသဖြင့် မနက်ဖြန်မှာ အရာရာဆုံးရှုံးရမည်ကို ကြောက်လန့်နေကြသူများလည်းရှိမည်။ အချို့လူတွေအတွက် မနက်ဖြန်ဆိုသည် မျှော်လင့်ခြင်းအပြည့်ရှိသော နေ့ရက်ဖြစ်မည်။
အချို့ကလည်း မိမိတွင်ရှိသည့် အားကိုးရာတစ်ခုခုကိုသာ အမှီပြု၍ ဝါကြွားတတ်ကြသည်။ မနက်ဖြန်ကို ထိုအမှီပြုရာနှင့် ရင်ဆိုင်ချင်ကြသည်။ မိမိ၏ စီးပွားရေး၊ မိမိ၏ ပညာအရည်အချင်း၊ မိမိ၏ အာဏာ၊ မိမိ၏ လုပ်ပိုင်ခွင့်၊ မိမိ၏ ပိုင်ဆိုင်မှုများစွာကိုသာ အမှီပြု၍ ထိုမနက်ဖြန်နေ့ကို ဝါကြွားချင်တတ်ကြသည်မှာ လူ့သဘာဝပင်ဖြစ်သည်။ သို့သော်လည်း ထိုသူတို့၏ မသိခြင်းသည် မနက်ဖြန်နေ့၌ ဆုံးရှုံးမလား ဘာဖြစ်မည်ဆိုတာကိုတော့ လုံးဝမသိကြပါ။ မနက်ဖြန်ကို မိမိတို့ပိုင်သကဲ့သို့ ဝါကြွားနေခြင်းသည်ပင်လျှင် ပညာမဲ့ရာရောက်ပေသည်မဟုတ်ပါလား။
သုတ္တံကျမ်း ၂၇:၁
နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တစ်ရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
ထိုမနက်ဖြန်ကို ကျွန်ုပ်တို့သည် ဘယ်အရာကိုအားကိုး၍ ဆက်လျှောက်နေကြသည်မှာ အရေးကြီးလှသည်။ မနက်ဖြန်ပေါင်းများစွာမှာ ပြဿနာပေါင်းများစွာလည်း ရှိချင်ရှိနေနိုင်မည်၊ အခက်အခဲပေါင်းများစွာ၊ အဆင်မပြေမှုပေါင်းများစွာ၊ ကျဆုံးမှုပေါင်းများစွာလည်း ရှိနေပေဦးမည်။ ထိုမျှမက ကြောက်ရွံ့ထိတ်လန့်စရာတွေ၊ စိုးရိမ်စရာတွေ၊ စိတ်နှလုံးမချမ်းမြေ့စရာတွေလည်းရှိနိုင်မှာဖြစ်ပါသည်။ ထို့ကြောင့် ထိုမနက်ဖြန်ကို ရင်ဆိုင်ကျော်လွှားရန် ခွန်အားသစ်များစွာလိုအပ်သည်။
"ထာဝရဘုရားကို မျှော်လင့်သောသူတို့မည်သည်ကား အားပြည့်ကြလိမ့်မည်" ဟုဆိုသကဲ့သို့ ကျွန်ုပ်တို့၏ မနက်ဖြန်ကို ထာဝရဘုရားကိုမျှော်လင့်ရင်း ရှေ့ဆက်ကြရအောင်လား ... အချို့အတွက်တော့ သူတို့အားကိုးရာ မကယ်နိုင်သော မနက်ဖြန်သည် ဆုံးရှုံးရာနေ့၊ ငရဲအလား၊ အချို့အတွက်တော့ သူတို့အားထားရာ မကယ်တင်နိုင်သော မနက်ဖြန်သည် ကြောက်စရာ၊ ထိတ်လန့်စရာ၊ စိတ်ပျက်စရာ၊ အချို့အတွက်တော့ သူတို့ ဝါကြွားရာ မကယ်တင်နိုင်သော မနက်ဖြန်သည် ငိုကြွေးစရာ၊ ပျက်ဆီးရာ၊ ပျက်သုဥ်းရာနေ့ဖြစ်နိုင်သော်လည်း ကျွန်ုပ်တို့အတွက်တော့ မျှော်လင့်ခြင်းနှင့်ပြည့်သော မနက်ဖြန်ဖြစ်ပါသည်ဟု အနည်းငယ်တိုက်တွန်းခွန်အားပေးရင်း မနက်ဖြန်နေ့ကို ဘုရားသခင်နှင့်အတူ ရှေ့ဆက်ကြရအောင်လားမိတ်ဆွေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet