ပြန်လည်ရွေ့လျော့ဖောက်ပြန်ခြင်းမရှိစေဖို့

ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် ၂:၂၀-၂၁
ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်ကိုသိကျွမ်းခြင်းအားဖြင့်၊ လောကီညစ်ညူးခြင်းနှင့် ကင်းလွတ်ပြီးမှ၊ တဖန်ကျော့မိ၍ ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည် ရှေးဖြစ်ဟန်ထက်သာ၍ဆိုး၏။
ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသော ပညတ်ကိုတဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကိုမသိဘဲနေသော် သာ၍ကောင်း၏။
ဘဝမှာ အရောအနှောလေးလုပ်ပြီး အသက်ရှင်နေထိုင်တဲ့ အမည်ခံ ခရစ်ယာန်ထဲမှာသင်ပါနေပြီလား။ ဘုရားသခင်က အရင်ကအပြစ်တွေရော၊ နောက်လုပ်မယ့်အပြစ်တွေကိုရော ခွင့်လွှတ်ပေးပြီးသားပါ လို့ဆိုကာ ကြိုက်သလိုနေထိုင်သော ပေါက်တတ်ကရ ဩဝါဒနဲ့အသက်ရှင်နေသော ပေါက်တတ်ကရ ခရစ်ယာန်လား။ လူကိုတော့အမှားကို တောင်းပန်တတ်ကြတယ် "ဆောရီးပါအကို" လို့ဆိုတတ်ကြပေမယ့် ကျမ်းစာမှာ နောင်တရဖို့၊ အပြစ်ဝန်ချဖို့၊ အကျင့်မပါသော ယုံကြည်ခြင်းသည်အသေလို့ အတိအကျဖော်ပြထားသလို၊ နောင်တရ၍ ဝန်ချတောင်းပန်ခြင်းသည် ကယ်တင်ခြင်းနဲ့မဆိုင်တာကို အတိအကျပြောထားရက်နဲ့ ပေါက်ပန်းလေးဆယ်ဩဝါဒတွေနောက်ကိုလိုက်ပြီး ပေါက်ပန်းလေးဆယ်ခရစ်ယာန်ဖြစ်နေပြီလား။ ယနေ့ထိုအထဲမှာ သင်ပါနေပြီဆိုလျှင် ပြင်ဆင်ပါ၊ ဆင်ခြင်ပါ၊ နောင်တရပါ။
အပေါ်ကအချက်တွေကို ဘာဖြစ်လို့ဖော်ပြသလဲဆိုလျှင် ထိုအရာတွေဟာ ခရစ်ယာန်အသက်တာအတွက် အနှောက်အယှက်တွေဖြစ်သောကြောင့်ပင်။ ကယ်တင်ခြင်းရပြီးတော့မှ ခရစ်တော်ကိုရပြီးကာမှ ကျေးဇူးတော်ပါ ငါတို့အရင်အပြစ် အခုအပြစ် နောက်အပြစ် အားလုံးပါတယ် ခွင့်လွှတ်ပြီးပြီ ကျေးဇူးတော်ပါဟုဆိုခြင်း၊ ပြန်လည်ရွေ့လျှော့ဖောက်ပြန်ခြင်းသည် ရှေ့ဖြစ်ဟန်ထက်နောက်ဖြစ်ဟန်ကပိုတောင်ဆိုးသေးတယ်လို့ဆိုတယ်၊ ဥပမာ အပြစ်လုပ်လိုင်စင်ရသွားသကဲ့သို့ ကြိုက်သလောက်အပြစ်လုပ်၊ ဒုစရိုက်ပြု၊ လူသတ်တောင်ရတယ်လို့ ကျေးဇူးတော်ကို တလွဲယူ၍ ကျေးဇူးတော်ကိုပြစ်မှားခြင်း (Hyper Grace) ဖြစ်ပေသည်။ ဖြောင့်မတ်ခြင်းတရားကိုသိပြီ ကယ်တင်ခြင်းရပြီး သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီးကာမှ သန့်ရှင်းသော ပညတ်တွေကိုစွန့်ပြီး ထိုကဲ့သို့ ရွေ့လျှော့ဖောက်ပြန်ကာ ကျေးဇူးတော်ကို တလွဲလုပ်နေခြင်းတွေသည် (Hyper Grace) ထိုကယ်တင်ခြင်းလမ်းကို မသိတာတောင် ပိုကောင်းပါသေးတယ်လို့ဆိုပေသည်။
ဆာလံကျမ်း ၁၁၉:၁၀-၁၁
အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါ၏။ ပညတ်တော်လမ်းမှ လွဲစေတော်မမူပါနှင့်။
ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။
အချုပ်အားဖြင့်ဆိုသော် ကျေးဇူးတော်ဆိုသည်မှာ သင်ကြိုက်သလောက်အပြစ်လုပ်ဖို့ရာ အပြစ်လုပ်ခွင့်လိုင်စင်တစ်ခုမဟုတ်သလို၊ အရင်အပြစ် ယခုအပြစ် နောင်အပြစ် အားလုံးခွင့်လွှတ်တယ် နောင်တနဲ့ဝန်ချတောင်းပန်စရာမလိုဟု (Hyper Grace) အယူလွဲစေဖို့မဟုတ်သလို၊ ကယ်တင်ခြင်းသည် တောင်းပန်လို့ရတာ မဟုတ်သော်လည်း ကယ်တင်ခြင်းရပြီးသား ခရစ်ယာန်အသက်တာသည် ပြုမိသောအပြစ်များကို စစ်မှန်သောနောင်တနှင့်ဝန်ချတောင်းပန်ရပေမည်။
သင်ရော ကျွန်တော်ရော ပြန်လည်ရွေ့လျော့ဖောက်ပြန်ခြင်းမရှိစေဖို့ သမ္မာတရားကို သမ္မာသတိနဲ့ထိန်းရင်း ထိုပေါက်တတ်ကရ ဩဝါဒတွေ မဝင်လာစေရန် ဗေရိမြို့သားများလို ကျမ်းစာကို နေ့ညမပျက်စေ့စေ့ဖတ်ရှု ဆင်ခြင်နှလုံးသွင်းကြပါစို့။ စိတ်နှလုံးအကြွင့်မဲ့ ယေရှုခရစ်တော်၏ အလိုတော်သို့သာလိုက်တတ်ပြီး၊ အကျင့်ပါသော ယုံကြည်ခြင်းသည် သူတပါးကို သက်သေပြနိုင်ခြင်း၊ ပညတ်တော်လမ်းမှ မလွဲသွားစေခြင်းငှာ ပိုင်းခြားနားလည်တတ်ကြဖို့နှင့် ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည့်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားသကဲ့သို့ ကျွန်ုပ်တို့ရဲ့ နှလုံးထဲတွင် ရှိနေရမည်မှာ နှုတ်ကပါတ်တော် ဘုရားစကားသာဖြစ်စေကြဖို့ရာ အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားသခင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi