ထိုသူတို့ရဲ့အပြစ်ကိုလွှတ်ပါ

ဒီအချိန်မှာ တိုက်ခိုက်ဝေဖန်ဆဲဆိုနေတာတွေကိုကြားရမှာဖြစ်ပါတယ်။ တကယ်တော့ စဖြစ်ကတည်းကဆဲနေကြတာပါ။ ပြည်တော်ပြန်တွေကိုစဆဲတယ်၊ချင်းကနေ၊ဆရာဒေးဗစ်၊ကိုမျိုးကြီးအလှည့်ဖြစ်လာရင်းနဲ့ ဆရာစံပီးဗီဒီယိုဘက်ပြန်လှည့်လာကြပါတယ်။ နောက်ဘယ်သူ့အလှည့်ဖြစ်မလဲတော့ကျွန်တော်လဲမသိပါဘူး။
ခရစ်ယာန်အချို့လဲပါနေတာမြင်ရတော့ပိုပြီးစိတ်မကောင်းတော့ဖြစ်မိပါတယ်။ လူဆိုတာကလဲ ဝေဖန်မယ်၊ကဲ့ရဲ့အပြစ်တင်မယ်၊လူမျိုးရေးတွေတိုက်ခိုက်မယ်စသဖြင့်လုပ်ကြတာကိုအားရနှစ်သက်ကြတယ်။အချင်းချင်းနှုတ်ဆက်ရင်တောင် ဝလာတယ်နော်၊မဲသွားတယ်နော်တို့တောင်မထိတထိပြောတတ်ကြတာပဲလေ။
ရောမဩဝါဒစာ ၁၂:၂၁
အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။
ယုံကြည်သူတွေကိုအားပေးချင်ပါတယ်။ပြန်မတုံ့ပြန်ပါနဲ့။ နာကျင်နေရပေမယ့် ကျေးဇူးတော်ပဲချီးမွမ်းပါ။
ထိုသို့တုံ့ပြန်ရင်ကိုယ်လဲထို့အတူဖြစ်စေမယ်။ဒါ့ကြောင့် အကောင်းအားဖြင့်ပဲအဆိုးကိုအနိုင်ယူပါ။ရန်သူကိုပင်ချစ်ပါဆိုတာကိုမမေ့စေဖို့ရာဘုရားရှင်ကောင်းကြီးပေးပါစေ။
အာဗြဟံကို ထာဝရဘုရားကသူ့ရဲ့သားကိုစွန့်ခိုင်းတော့သူလဲနာကျင်ရပါတယ်။ယောသပ်ကိုဘုရင်ဖြစ်မယ်ပြောပေမယ့်ဖြတ်သန်းခဲ့ရတာကနာကျင်စေခဲ့တယ်၊ဒီအခက်အခဲတွေထဲကနေသင်ယူစရာတွေကိုသင်ယူခဲ့ရတယ်။ဒါဝိဒ်လဲထို့အတူပါပဲ။ယောဘဘုရားနဲ့မှန်ပေမယ့် သူ့သူငယ်ချင်းတွေဝေဖန်တာကိုနာကျင်စွာခံစားရတယ်။ (ဥပမာ ... ကိုယ်ကမှန်နေသားနဲ့ကိုယ့်ကိုမဟုတ်တာလို့မတရားစွတ်ဆွဲရင်ခံစားရတဲ့ခံစားချက်မျိုး)
နောက်ဆုံးအချက်လေးနဲ့ဝေမျှခွန်အားပေးချင်ပါတယ်။
ယေရှုခရစ်တော်ကားတိုင်ပေါ်မှာရှိနေစဥ်မှာ အောက်ကလူတွေကအမျိုးမျိုးကဲ့ရဲ့အပြစ်တင်ကြပါတယ်။ဘုရားသားမှန်ရင်ကိုယ့်ကိုကိုယ်ကယ်ပါ၊ဆင်းခဲ့ပါ၊စသဖြင့်ပေါ့။သို့သော်အရေးကြီးတာကကယ်တင်ခြင်းပြီးပြည့်စုံစေဖို့သာအသက်ကိုစွန့်ခဲ့ပါတယ်။ ယေရမိခေတ် ယေရှုရှလင်မြို့ရိုးပြန်တည်ဆောက်တဲ့အခါမှာ ရန်သူတွေနှောက်ယှက်ပါတယ်၊အားပျက်စရာ၊စိတ်ပျက်စရာနဲ့အနှောက်အယှက်တွေပေးပါတယ်။သို့သော် ထိုသူတွေကလုပ်ရမယ့်အရေးကြီးသောအရာကိုသာဆက်လုပ်ပါတယ်။
ကျွန်တော်တို့ကလဲ ထိုသို့ပြန်မတုံ့ပြန်စေမိဖို့နဲ့အရေးကြီးတာကိုပဲဆက်လုပ်ဖို့သတိပြုမိစေဖို့အရေးကြီးပါတယ်လို့ပြောချင်ပါတယ်။ ဒါတင်မကသေးပဲ ထိုသူတို့ရဲ့မသိပဲပြုမိ၊ပြောဆိုမိသောအပြစ်ကိုလွှတ်ဖို့နဲ့ကယ်တင်ခြင်းရဖို့ကိုဆုတောင်းပေးကြပါစို့လို့အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။ ကျွန်တော်တို့ယုံကြည်သူတွေဟာအကောင်းအားဖြင့်အဆိုးကိုအနိုင်ယူကြပါစို့လို့တိုက်တွန်းခွန်အားပေးချင်ပါတော့တယ်။
ရှင်လုကာခရစ်ဝင် ၂၃:၃၄
ယေရှုကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။