ဥာဏ်ကောင်းသောသူ

မကောင်းမှုကို ပြုလုပ်ခြင်းသည် သင်ပေးရန် ဆရာမလိုသည်ကို ကျွန်ုပ်တို့သိကြသည်။ မည်သူမျှ ဆဲနည်းသင်တန်းတက်ရန်မလိုပဲ ဆဲတတ်ကြသည်။ လိမ်နည်းညာနည်းကို လေ့ကျင့်စရာမလိုပဲလည်း တတ်မြောက်ကြပေသည်။ မည်သူမျှ မကောင်းမှုကို သင်ပေးရန်မလိုပဲ အလိုအလျှောက်တတ်မြောက်ကြသည်။
ကျွန်တော်တို့လူသားများသည် မကောင်းဘူးဟု သိကြသော်လည်း ထိုအရာများကိုသာ စွဲလန်းတတ်ကြသည်။ ကျွန်တော် ကျောင်းတက်စဥ်တုန်းက ထမင်းခိုးစားခြင်းကို နှစ်သက်သည်။ ထို့ကြောင့် ထမင်းစားချိန်တွင် ကစားချင်သောကြောင့်ဖြစ်စေ၊ မည်သည့်အကြောင်းရှိရှိ မရှိရှိ ကျွန်တော် ထမင်းခိုးစားသည်။ ထိုသို့ ခိုးစားရခြင်းသည် သာမန်ထက် ပို၍ စားကောင်းသကဲ့သို့ ပို၍ ပို၍ မြိန်သည်ဟု ခံစားရသည်။
ထိုသို့ခံစားရသော အခြားသော မကောင်းမှုများလည်း ရှိမည်ဟုလည်း ယုံကြည်ပါသည်။ ထို့ကြောင့်ပင် မကောင်းမှု ဒုစရိုက်များကို လုပ်ရင်းနှင့် မကောင်းမှန်းသိသော်လည်း မိမိစိတ်နှလုံး မိုက်မဲလာကာ မမြင်တတ်တော့ပေ။ ထိုမှတဆင့် မကောင်းမှု၌သာ ကျင်လည်လာသော လူမိုက်ဖြစ်လာကြပေသည်။
သုတ္တံကျမ်း ၉:၁၇
ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာ စားသောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။
ထို့ကြောင့်လည်း လူမိုက်တို့မည်သည် အပြစ်ပြုရာတွင် ပျော်မွေ့တတ်သည်။ မိမိဩသပ္ပစိတ် အမှောင်ဖုံးကာ သူတပါးအား အပြစ်ပြုခြင်းကို မျက်တောင်တစ်ချက်ပင် မခတ်ပဲ ရက်စက် ယုတ်မာတတ်ကြပေသည်။ ထိုသို့သော သူများသည် အဓမ္မလူများပင်ဖြစ်ကြသည်။
အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဖမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရလိမ့်မည်ဟု ဆိုသကဲ့သို့ အလွန်မိုက်သောကြောင့်လည်း မှားယွင်းတတ်ကြသည်။ ထိုသူတို့သည် သွန်သင်ခြင်းကိုပင် ခံရန် မထိုက်တန်။ ထို့ကြောင့်လည်း သွန်သင်ခြင်းကို မခံရဘဲ သေသွားကြလိမ့်မည်ဟု သုတ္တံကျမ်းထဲတွင် ဆိုထားသည်ကို တွေ့ရသည်။
သုတ္တံကျမ်း ၁၀:၂၃
မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်၏။ ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။
ထို့ကြောင့် ကျွန်တော်တို့သည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်သော မိုက်သောသူလား၊ ခိုးသောရေသည် ချို၏ ဆိုသကဲ့သို့ ဩသပ္ပစိတ် အမှောင်ဖုံးကာ အဓမ္မလမ်းစဥ်အတိုင်းသွားနေသလား၊ ဒုစရိုက်အပြစ်မှ နောင်တမရဘဲ ဆက်မိုက်ကာ သွန်သင်ခြင်းကို မခံရဘဲ သေမည့်သူလား၊ ဥာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏ဟု ဆိုသည့်အတိုင်း ယနေ့မှာဆင်ခြင်ကြရအောင်။ မိတ်ဆွေနှငိ့ ကျွန်တော်တို့သည် အဓမ္မလမ်းစဥ်လိုက်သည့် လူမိုက်ဖြစ်မလား၊ ဓမ္မလမ်းစဥ်လိုက်ကာ ဆင်ခြင်တတ်၍ ပညာရှိဖြစ်သည့် ဥာဏ်ကောင်းသောသူ ဖြစ်မည်လော ...
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet