ငါ့ကိုကြည့်ပါ

ကျွန်ုပ်တို့ယုံကြည်သူများ၏ အသက်တာသည် မည်သို့အသက်ရှင်သည်၊ မည်သို့နေထိုင်သည်၊ မည်သို့ပြောဆိုပြုမူသည် စသဖြင့်တို့သည် အင်မတန်အရေးပါလှသည်။ အဘယ့်ကြောင့်ဆိုသော် ဤလောက၏ အလင်းဖြစ်သောကြောင့်ပင်ဖြစ်ပေသည်။ ထိုအလင်းသည် တောင်းဇလားအောက်၌ ဖုံးထားရိုးထုံးစံမရှိ။ တောင်ထိပ်၌သာ ထွန်းလင်းသင့်သည် မဟုတ်ပါလား။
အလင်းလင်းသော အသက်တာမည်သည်မှာ ခရစ်ယာန်တစ်ဦး၏ တာဝန်၊ ဝတ္တရား၊ ယုံကြည်ခြင်း၊ အကျင့်၊ ဝိညာဥ်အသီးသီးခြင်း စသဖြင့်တို့ရှိကြသည်ဟုကျွန်ုပ်တို့သိကြသည်။ ယနေ့ကျွန်ုပ်တို့၏ နေ့စဥ်ရှင်သန်နေကြသော နေ့စဥ်ခရစ်ယာန်အသက်တာသည် မည်သို့နည်း။
ရှင်ပေါလုကတော့ ငါ့ကိုကြည့်၊ ငါ့ကိုကြည့်၊ ငါ့ကိုကြည့်ပါ ဟုရဲဝင့်စွာပြောဆိုခဲ့သည်။ "ငါကျင့်သည်နည်းတူ သင်တို့သည်ကျင့်စေခြင်းငှာ" "ငါပေးသော ပုံသက်သေနှင့်အညီ" စသဖြင့်ပြောဆိုခြင်းသည် ယနေ့ကျွန်ုပ်တို့အတွက် အတုယူဆင်ခြင်စရာပင်ဖြစ်ချေသည်မဟုတ်ပါလား။ ထို့ကြောင့် ဤအရာလေးကို ခရစ်ယာန်အသက်တာနှင့်အတူ အခြားရှုထောင့်တစ်ခုမှနေ၍ အနည်းငယ်ဆင်ခြင်ကြည့်စေချင်ပါတယ်။
ဖိလိပ္ပိဩဝါဒစာ ၃:၁၇
ညီအစ်ကိုတို့၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့။
ယနေ့မှာ ကျွန်ုပ်တို့ ခရစ်ယာန်တွေသာမက လူတိုင်း လူတိုင်း ထိုသို့ ပြောရဲဖို့ရန်လိုပေသည်။ သို့မှသာ သက်ဆိုင်ရာနယ်ပယ်အသီးသီးတို့၏ တစ်ဦးချင်းဆီမှသည် နိုင်ငံတော်အထိ တိုးတက်ကောင်းမွန်မည်မဟုတ်ပါလား။ "ငါ့ကိုကြည့်ပါ၊ ငါလုပ်သလို လုပ်ပါ၊ ငါကျင့်သလို ကျင့်ပါ" ဟုဆိုရဲသလား။ သို့မဟုတ် "ငါပြောသလို လုပ်၊ ငါလုပ်သလို မလုပ်နဲ့" ဟုသာဆိုနေရပါသလား ဆိုတာကတော့ ယနေ့မှာ ကျွန်ုပ်တို့အတွက် အိမ်စာတစ်ပုဒ်ပဲဖြစ်ပါတယ်။
ခရစ်ယာန်အသက်တာအတိုင်း ကျွန်ုပ်တို့ နေထိုင်အသက်ရှင်ကာ အလင်းလင်းနေသလား။ အခြားရှုထောင့်တစ်ခုမှကြည့်လျှင်လည်း နေရာကဏ္ဍအသီးသီးမှ မိမိတို့ကျရာတာဝန်ကို ကျေပွန်ပါရဲ့လား။ ပြည်သူကလည်း ပြည်သူ့တာဝန်ကျေပွန်ရမည်။ ထို့အတူ တိုင်းပြည်နှင့်လူမျိုးအပေါ်ကာကွယ်ရမည့် ပြည်သူ့ဝန်ထမ်းတွေဖြစ်ကြသော ရဲကလည်း ရဲတာဝန်၊ စစ်သားသည်လည်း စစ်သားတို့၏တာဝန်အတိုင်း တကယ်ကို နေထိုင်အသက်ရှင်ကြဖို့ လိုတယ်ဆိုတာကို ယနေ့မှာတော့ "ငါ့ကိုကြည့်ပါ" ဟုရဲ့ဝင့်စွာ ပြောဆိုရဲကြသူများဖြစ်ကြပါစေဟု အနည်းငယ် တိုက်တွန်းခွန်အားပေးလိုက်တော့တယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet