November 26, 2026

ဘဝရထားမှ ထွက်ခွာချိန်

ယခုရက်ပိုင်းအတွင်းတွင် ကျွန်တော် ရထားစီးဖြစ်သည်။ ထိုရထားကို BART (Bay Area Rapid Transit) ဟုခေါ်ဆိုပြီး (၁၉၅၇) ခုနှစ်တွင် စတင်တည်ထောင်သည်ဟုဖော်ပြထားသည်ကို ကျွန်တော်ဖတ်ကြည့်မိပါသေး၏။ "BART" ရထားသည် အရမ်းလည်း မမြန်သကဲ့သို့ အလွန်အမင်းလည်း မနှေးပေ။ အမြန်ဆုံးအရှိန်မှာ (80mph/130kmh) ဖြစ်ပြီး ပုံမှန် (70mph/110kmh) ဖြစ်သည်ဟု ရေးထားသည်ကိုတွေ့ရသည်။ အမျိုးအစား၊ ပြေးဆွဲသည့်လမ်းကြောင်း စသဖြင့်အပေါ်၌လည်း မူတည်ကောင်း မူတည်၍ အမြန်ပြေးနှုန်းကွာခြားပေဦးလိမ့်မည်။ 

ထိုသို့သော ရထားကို ကျွန်တော်စီးသွားရင်းနှင့် တစ်ဘူတာပြီး တစ်ဘူတာ လူများတက်လာသည်၊ ဆင်းသွားသည်။ လူဖြူ၊ လူမဲ၊ လူဝါ စသဖြင့် တစ်ဦးပြီးတစ်ဦး၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့၊ အသက်အရွယ်ပေါင်းစုံတို့သည် ရထားပေါ်မှ ဆင်းသွားလိုက် ရထားပေါ်သို့တက်လာလိုက်နှင့် စည်ကားသိုက်မြိုက်နေသည်ဟုဆိုကြပါစို့။ 

ကျွန်ုပ်တို့ နေထိုင်ရာ ဤလောကကြီးအလားပင် မွေးဖွားလိုက် သေဆုံးလိုက်နှင့် စည်ကားသိုက်မြိုက်နေကြသည်ဟုဆိုရမည်လော။ ရထားပေါ်မှ မိမိဆင်းမည့်မှတ်တိုင် (ဘူတာ) ရောက်သည်နှင့် ဆင်းသွားကြသကဲ့သို့ ဤလောကကြီးတွင်လည်း အချိန်တန်လျှင် ထွက်ခွာသွားကြရပေဦးတော့မည်။ 

ဒီလိုနှင့် အချိန်တစ်ခုအကြာတွင် ကျွန်တော်ကတော့ ဆင်းမည့် နေရာရောက်သည်နှင့်တပြိုင်နက် ရထားပေါ်မှ ဆင်းကာ မိမိသွားမည့်နေရာကို သိသောကြောင့်ပင် တန်းတန်းမတ်မတ် သွားခဲ့ပါတော့သည်။ ရထားပေါ်၌ပါလာသော အရောင်အသွေးပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ၊ ဆင်းရဲချမ်းသာမရွေးသော လူအပေါင်းတို့သည်လည်း ထိုသို့ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ 

သို့သော် ဘဝဆိုသည့် ဤလောကရထားကြီးကို စီးသွားနေကြသော ကျွန်ုပ်တို့ လူသားများသည် မည်သည့်ဘူတာ မည်သည့် မှတ်တိုင်တွင် ဆင်းရပါမည်နည်း၊ မည်သည့် နေရာသို့ တန်းတန်းမတ်မတ်သွားကြပါလိမ့်မည်နည်း ဆိုသည်ကို သိများသိထားကြပါ့မလားဟု ဆင်ခြင်စရာရှိပေသည်မဟုတ်ပါလား။ 

အဘယ့်ကြောင့်ဆိုသော် အဖြူ၊ အမဲ၊ အဝါ စသည့် မသားအရောင်ပေါင်းစုံတို့သည်လည်း သေမျိုး၊ ကလေးသူငယ်များသည်လည်း သေနိုင်သကဲ့သို့ လူကြီးသူမများသည်လည်း သေနိုင်ပေသည်မဟုတ်ပါတကား၊ ဆင်းရဲချမ်းသာမရွေး၊ အဆင့်အတန်းပေါင်းစုံ၊ ကျား မ မခွဲဘဲ လူတိုင်းလူတိုင်း ဖြတ်သန်းရမည့် သေခြင်းတရားသည် အရွယ်မရွေး အချိန်မရွေး နေရာမရွေးဘူး မဟုတ်ပေဘူးလား။ မည်မျှချမ်းသာချမ်းသာ၊ မည်မျှအာဏာရှိရှိ၊ မည်မျှ ဂုဏ်အသရေကြီးပါစေ၊ မည်မျှပညာတတ်တတ် သေဆုံးသည့်နောက်တွင် ထွက်ခွာရမည့်နေရာမသိရှိလျှင် ထိုအသက်ဝိညာဥ်ဆုံးရှုံးခြင်းသို့ရောက်လျှင် အလုံးစုံဆုံးရှုံးခြင်းသို့သာရောက်စေပြီမဟုတ်ပါလား။ 

မိမိတို့၏ စိတ်နှလုံးထဲ၌ ဤလောကရထားကြီးမှ ထွက်ခွာရမည်ဆိုလျှင် သွားရမည့်နေရာအတည်တကျသိရှိပါပြီလား၊ တန်းတန်းမတ်မတ်သွားမည့်နေရာရှိပါပြီလားဆိုသည်ကို ယနေ့တွင်ပြန်လည်ဆင်ခြင်ကာ အဖြေရှာစေချင်ပါသည်။ မိမိရင်ဘတ်ပေါ်၌ လက်ကိုတင်၍ မေးခွန်းပြန်ပေးပါမိတ်ဆွေ ... 

"ငါ့ရဲ့ဝိညာဥ် ငါသေရင် ဘယ်ကိုသွားမှာလဲ" 

ရှင်မာကုခရစ်ဝင် ၈:၃၆
လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ 

ကယ်တင်ရာ​နေ့ရက်သည် ယ​နေ့ပင်ဖြစ်​သော​ကြောင့် တမလွန်အတွက် အဖြေရှာမရဖြစ်နေလျှင် ထိုတမလွန်အတွက် ​အာမခံချက်ဖြစ်သည့် သခင်ယေရှုပေးသော အဖြေကို အခမဲ့ ရယူလိုက်ပါ မိတ်​ဆွေ ... 

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ *** 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next