ကယ်တင်ခြင်းရဖို့ လူ့လုပ်ဆောင်ချက် လိုသလား

ကယ်တင်ခြင်းရဖို့ လူ့လုပ်ဆောင်ချက် လိုသလား
@@@@@@@@@@@@@@@@@@@@@
ဘုရားသခင်သည် လူသားများ ကယ်တင်ခြင်းရဖို့ရန် လူသားများ၏ လုပ်ဆောင်ချက်တစ်ခုခုကို လိုအပ်နေပါသေးသလား။ လူတစ်ယောက် သည် ကယ်တင်ခြင်းကို လက်ခံရယူဖို့ရန် သူ့ရဲ့ အပြုအမူ၊ အနေအထိုင်၊ အကျင့်၊ ကောင်းမှုတွေ၊ ဥပုဒ်တွေ စသဖြင့်ကို ဘုရားသခင်သည် တောင်းဆိုပါသလား။
တောင်းဆိုတယ်ဆိုရင်ဖြင့် ယေရှုခရစ်တော်၏ ကယ်တင်ခြင်းအစီအစဥ်သည် မလုံလောက်၍လော။ အကယ်၍သာ မိမိတို့ရဲ့ အကျင့်နဲ့ရနိုင်ရင် ယေရှုတောင်ဆင်းကယ်ရန် မလိုဘူးမဟုတ်ပေဘူးလား။ ဂလာတိ အသင်းတော်ကို ရှင်ပေါလု သည် ထိုအမှုအရေးအတွက် အရေးတကြီးစာရေးသည်။ အဘယ့်ကြောင့်ဆိုသော် ဂလာတိလူတို့အား မှားယွင်းစွာ သွန်သင်နေသော ဆရာများနှင့် ထိုသူတို့ဟောပြောသော အခြားသော ဧဝံဂေလိတရားကြောင့်ဟု ဆိုကြပါစို့။
ဂလာတိဩဝါဒစာ ၁:၆-၇
ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှလောက်မြန်မြန်ခွာ၍ သင်တို့သည်အခြားသော ဧဝံဂေလိတရားကို ခံယူကြရသောကြောင့် ငါသည်အံ့ဩခြင်းရှိ၏။
ထိုဧဝံဂေလိတရားသည် ဧဝံဂေလိတရားမဟုတ်။ သင်တို့ကို နှောက်ယှက်၍ ခရစ်တော်၏ ဧဝံ ဂေလိတရားကို မှောက်လှန်ချင်သောသူ အချို့ရှိကြ၏။
ဂလာတိလူတွေက တကယ်တော့ ဧဝံဂေလိသတင်းစကားကို ကြားပြီးသား၊ ပြောင်းလဲပြီးသားသူတွေဖြစ်တယ်၊ ရှင်ပေါလု မရှိတော့တဲ့အခါမှာ ဒီလိုတွေဖြစ်လာလို့ သတိပေးစာကို ပြင်းပြင်းထန်ထန်ရေး၍ ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီအပိုင်းလေးကိုသာ အတိုချုပ်၍ ကြည့်ရအောင်။
ဒီလူတွေက ဘုရားသခင်ရဲ့ကျေးဇူးတော်ကနေ မြန်မြန်ခွာသွားကြတယ် တနည်းအားဖြင့် ဂရိစကားလုံး (metatithemi) *လူတစ်ဦးမှတစ်ဦး သို့ပြောင်း၍ သစ္စာခံခြင်း* လို့ နားလည်ရတာဖြစ်တယ်။ နိုင်ငံရေး၊ အတွေးအခေါ်ပိုင်း စသဖြင့် အခြားဘက်ကို ပြောင်းသွားတယ်လို့ အဲ့ဒီလိုသဘောကို နားလည်ရပါတယ်။ ဒီလို ဘက်ပြောင်းသွားသူများ၊ တပ်ပြေးများ စသဖြင့်သဘောမျိုးနဲ့ ရှင်ပေါလုက ဂလာတိလူများကို ဝိညာဥ်ရေးရာ တပ်ပြေးများဟု ပြောနေခြင်း သဘောမျိုးဖြစ်ပါတယ်။
ဘာဖြစ်လို့ သူတို့က ပြောင်းလဲသွားတာလဲလို့ဆိုတာကို ကြည့်တဲ့အခါမှာ ဧဝံဂေလိတရားသည် မလုံလောက်ဘူး၊ အကျင့်ပါရမယ်၊ အရေဖျားလှီးရမယ် စသဖြင့်ပြောသော ယုဒဘာသာရေးဆရာသမားတွေကြောင့်ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ တနည်းအားဖြင့်ဆိုရရင်တော့ ခရစ်တော်ပြုပေးသော ကယ်တင်ခြင်းသည် မလုံလောက်ဘူး၊ ကျေးဇူးတော်မလုံလောက်ဘူး၊ လူကလုပ်ရဦးမယ်ဟု ဆိုလိုခြင်းဖြစ်သောကြောင့်ပင်။
ဒီအရာတွေကြောင့် ဂလာတိလူတွေ အခြားသောဧဝံဂေလိတရားကို လိုက်သွားတာ သိရတဲ့အခါမှာ ရှင်ပေါလုသည် အရမ်းစိတ်ထိခိုက်ရပါတယ်၊ ဘာကြောင့်လဲလို့ဆိုရင်တော့ သူကိုယ်တိုင်သည် ဖာရိရှဲခဲ့ဖြစ်တယ်၊ အကျင့်ပိုင်းလား လာမပြောနဲ့၊ ဥပုဒ်လား တစ်ခုမလွတ်စေရဘူး၊ ငါနဲ့ရွယ်တူထဲမှာတောင် မင်းကြိုက်သလိုရှာ မင်းကြိုက်တာနဲ့တိုင်းနိုင်တယ်လို့ဆိုသူဖြစ်တယ်။ သူက ဒီအဖြစ်ကနေ ပြောင်းလဲလာသူဆိုတော့ ပို၍ နာကျင်ရတယ်လို့ နားလည်ရပါတယ်။
ရှင်ပေါလုပို၍ နာကျင်ရသောအချက်မှာ ထိုသွန်သင်ချက်တွေသည် ဧဝံဂေလိတရားကို လျော့ပါးစေခြင်း၊ ယေရှုခရစ်တော်၏ ကျေးဇူးတရားကို မလုံလောက်စေခြင်း၊ ကျေးဇူးတော်နောက်မှ ပြန်လည်ကာ လမ်းလွဲသွားစေခြင်း၊ ဖောက်လွဲဖောက်ပြန်ဖြစ်စေခြင်းများသည် စစ်မှန်သော ဧဝံဂေလိတရားကို စော်ကားရာရောက်သောကြောင့် ပြင်းပြင်းထန်ထန် ရေးထားခြင်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော် ဧဝံဂေလိတရားစစ်စစ်သည် (ဧဖက် ၂:၈-၉) အရ ဘုရားသခင် သနားတော်မူသောကြောင့်ဖြစ်တယ်၊ ယုံကြည်ခြင်းကြောင့်ဖြစ်တယ်၊ ကျေးဇူးတော်ကြောင့်ဖြစ်တယ်၊ တနည်းအားဖြင့် ယေရှုခရစ်တော်၏ ကားတိုင်တော်တရားကြောင့်ဖြစ်တယ်။ လူ့ရဲ့အကျင့် ဘာညာ ဘာဆို ဘာတစ်ခုမှ မလိုအပ်ဘူး၊ ထိုအရာကို ယုံကြည်လက်ခံရန်သာ လိုတယ်။ ဒါ့ကြောင့် ဘယ်သူမှ ဝါကြွားစရာမလိုဘူးဖြစ်တယ်လို့ တိတိကျကျ ဖော်ပြထားတယ်ဆိုတာကို နားလည်ရပါတယ်။ ထိုအရာကို မလုံလောက်ဘူး ထပ်ဖြည့်ပြီးပြောနေရင်တော့ အခြားသော ဧဝံဂေလိဖြစ်စေတော့ပေမည်။ သိပ်ကို အန္တရာယ်များသော တဆေးရောသော ဧဝံဂေလိပါ။ ဒီနေရာမှာ ကယ်တင်ခြင်းကိုသာ ဆိုလိုနေခြင်းဖြစ်တယ် ခရစ်ယာန်အသက်တာပိုင်းကို မဆိုထားဘူးဖြစ်ပါတယ်။
ကိုယ့် လုပ်ဆောင်ချက်တစ်ချို့ကြောင့်ပါတယ် ဆိုရင်တော့ ထိုသူတွေအကုန် ငကြွားတွေဖြစ်မှာပါ၊ ဥပမာ ငါက ဘာလုပ်တာ၊ ငါကဘယ်လို၊ ငါကတော့ ဥပုဒ် ၂ရက်၊ ငါက ၅ရက် စသဖြင့် ငကြွားကြီးများ ကောင်းကင်တက်ခြင်းဟုဆိုကာ ရုပ်ရှင်တစ်ကားရိုက်နိုင်မည်မဟုတ်ပါလား။
တကယ်တင်ခြင်းစစ်စစ် ဧဝံဂေလိတရားစစ်စစ် ဆိုတာသည် ယေရှုခရစ်တော်ပြုခဲ့ပေးသော ကျေးဇူးတော်ကိုသာ ယုံကြည်လက်ခံခြင်းဖြစ်ပါတယ်ဟု အနည်းငယ် ဝေမျှပေးလိုက်ပါတယ်။
ဘုရားရှက်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet