အသံမြည်သော လင်းကွင်း

ယုံကြည်သူခရစ်ယာန်တစ်ဦး၏ (Core Values) စံထားရတဲ့အရာများထဲတွင် ချစ်ခြင်းမေတ္တာသည်လည်း မရှိမဖြစ်အရေးကြီးသော အရာတစ်ခုဖြစ်သည်။ ခရစ်ယာန်တို့၏ အနှစ်သာရသည်လည်း ချစ်ခြင်းမေတ္တာဟု အသိများကြသည်။
လူ့လောကတွင် ချစ်ခြင်းမေတ္တာမပါသော အရာများစွာရှိသော်လည်း တာဝန်ကျေလျှင် အဆင်ပြေတတ်ကြသည်။ ဥပမာ ဆရာက စာသင်ပေးသော်လည်း စေတနာမေတ္တာမပါ၊ ဆေးကုပေးသော်လည်း မေတ္တာမရှိ၊ အလုပ်လုပ်ပေးသော်လည်း မေတ္တာမပါ၊ ကူညီပေးလိုက်သော်လည်း မေတ္တာမရှိ စသဖြင့် အမျိုးမျိုးသောအကြောင်းအရာတွေ ရှိတတ်ကြသော်လည်း အဆင်ပြေတတ်ကြသည်။ တာဝန်ကျေတယ် အလုပ်ပြီးတယ်ဆိုရင် အဆင်ပြေပြီဆိုသော အရာများလည်းရှိကြသည်။
သို့သော် ထိုအပြုအမူသည် ခရစ်ယာန်တစ်ဦး၏ အပြုအမူသာဆိုရင်တော့ အင်မတန်မှရုပ်ဆိုး အကျည်းတန်သော အရာမျိုးသာဖြစ်သည်။ ချစ်ခြင်းမေတ္တာမရှိလျှင် ဘုရားသခင်ကိုမသိဟုဆိုသောကြောင့် ထိုသို့သောသူသည် မည်သို့များ ချစ်ခြင်းမေတ္တာရှင်ဖြစ်သော ဘုရားကို ကိုးကွယ်ယုံကြည်သူဟု ဆိုနိုင်မည်နည်း။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၁
ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။
လူ၏ အတွေးအခေါ်အကြံအစည်ဖြင့် မည်သို့ပင် ကောင်းအောင်လုပ်လုပ်၊ ကောင်းကင်တမန်စကားပဲ ပြောတတ်ပြောတတ်၊ အခြားသော ဘာသာစကားပြောပြော၊ တရားတွေဘယ်လောက် ဟောဟော၊ လူမှုကူညီရေးတွေ ဘယ်လိုလုပ်လုပ်၊ သမ္မာတရားဘက်မှာ ဘယ်လိုပဲရပ်ရပ်၊ ပညတ်တွေဘယ်လောက် လိုက်လျှောက်လိုက်လျှောက်၊ အကျင့်ဘယ်လောက် ကောင်းနေပါစေဦးတော့ မေတ္တာမပါလျှင်တော့ အချည်းနှီးပင်။ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်သလို လုံးဝသဘောမတွေ့ပါ။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၃
သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။
ရှိသမျှရောင်းချကာ သူတပါးကို ပေးလှူခြင်းဖြစ်စေ၊ အသက်စွန့်၍ ဘယ်လိုပင် ကူညီကူညီ၊ ကိုယ်ခန္ဓါကို မီးရှို့စေဖို့ အပ်ထားအပ်ထား၊ သမ္မာတရားဟုသာ အော်ဟစ်နေပါစေ၊ မေတ္တာမပါသောအရာများသည် မည်သို့မျှ အကျိုးမရှိသလို အသုံးမဝင်ပေ။ စံထားရသော မေတ္တာမရှိသော ခရစ်ယာန်တစ်ဦးသည် တာယာမပါသော ကားတစ်စီးအလား သွားတော့သွားနေသော်လည်း အခြေအနေမကောင်းလှပေ။
မေတ္တာမပါသော လုပ်သမျှ လိုက်လျှောက်သမျှသော အရာရာတိုင်းသည် အချည်းနှီးဖြစ်သလို အပေါ်ယံလွှာသာ လှပသော ကျီးအာသီးအလားဖြစ်ပေသည်။ အသံသာမြည်တတ်သော လင်းကွင်းအလား၊ တံပိုးခရာအလား ဂီတာပေါ် ကြွက်လျှောက်၊ ကီးဘုတ်ပေါ် ကြွက်ပြေး သကဲ့သို့ ခံစား၍မရနိုင်သော သံဇဥ်မရှိတဲ့ ကီးကြောင်များသာ ဖြစ်နေပေတော့မည် မဟုတ်ပါလား။
ကျွန်ုပ်တို့ယုံကြည်သူများသည် မည်သည့်အရာကိုပင် လုပ်နေပါစေ၊ မည်သို့အခြေအနေပင်ရှိပါစေ မေတ္တာဖြင့်သာ ဖြစ်စေရန် ဆင်ခြင်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည် မဟုတ်ပါလား။ ထိုကြောင့် ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များသည် ချစ်ခြင်းမေတ္တာကို စံထားရမည်ဖြစ်ပြီး အသံမြည်သော လင်းကွင်းကဲ့သို့ မဖြစ်စေရန် သတိပြုကာ ဆင်ခြင်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet