သခင်သုံးရင်

ကျွန်တော်တို့တွေသည် တစ်ခါတစ်ရံမှာ အသက်အရွယ်၊ အချိန်ကာလ၊ နေ့ရက်ကာလ စသဖြင့်တွေကို ဦးစားပေးရွေးချယ်တတ်ကြသလို၊ တစ်ခုခုစတင်လုပ်ဖို့အတွက် အသက်ကြီးလွန်းခြင်း၊ အသက်ငယ်လွန်းခြင်း၊ အချိန်စောတယ်၊ နောက်ကျတယ်၊ မင်းနဲ့မတန်ဘူး၊ စသဖြင့် ဆုံးဖြတ်တတ်ကြပါတယ်။ လက်ရှိလူတွေ သိကြတဲ့ လုပ်ငန်းရှင်အချို့အကြောင်းကို အကျဥ်းချုံး၍ အနည်းငယ်ဖော်ပြပေးချင်ပါတယ်။
KFC (ကြက်ကြော်) ကိုစတင်တည်ထောင်သူသည် အသက်၆၀ ကျော်မှအောင်မြင်ခဲ့သည်။ Alibaba ကိုပိုင်သော ဂျက်မား(Jack Ma) သည် ငယ်စဥ်တွင် အလုပ်အတွက် Interview ပေါင်း ၃၀ကျော် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သည်။ ဘယ်လောက်ထိဆိုးလဲဆိုရင် ၂၄ယောက် Interview ဝင်တာ ၂၃ယောက်အလုပ်ရတယ် သူတစ်ယောက်တည်းသာ အလုပ်မရခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့
ကိုယ်ပိုင်အလုပ်စတင်လုပ်ရင်း အောင်မြင်လာသူဖြစ်သည်။ လက်ရှိ ကျွန်တော်တို့သုံးနေသော Facebook ကိုစတင်တည်ထောင်သူ (Mark Zuckerberg) သည် တကယ်တော့ သူ့တို့ ကိုယ်ပိုင် Sharing လေးလုပ်ဖို့ရန်စတင်ခဲ့သော်လည်း လက်ရှိကျွန်တော်တို့ သုံးနေသော Facebook အထိဖြစ်လာခဲ့ပြီး အောင်မြင်နေသော လူငယ်တစ်ယောက်ဖြစ်သည်။
ဒီလူတွေကတော့ လူတွေမြင်သာသော လုပ်ငန်းရှင်တွေဖြစ်ကြပါတယ်။
လောကအလုပ်တွင် အသက်ကြီးခြင်း၊ ငယ်ခြင်း၊ အချိန်ကာလတွေကိုတောင် ကျော်လွန်၍ အောင်မြင်ကြသေးတယ်ဆိုရင် အမှုတော်မြတ်အတွက်ရော သခင်သုံးမယ်ဆိုရင် စောလွန်းခြင်း၊ နောက်ကျလွန်းခြင်း၊ အသက်ကြီးနေပြီ၊ ငယ်သေးတယ်စသဖြင့် ရှိပါဦးမလားဆိုတာကို စဥ်းစားဆင်ခြင်ဖို့ရှိပါတယ်။
အာဗြဟံသည် အသက်ကြီးပါပြီ သို့သော် ချိန်းချက်သော ရူပါရုံနဲ့ကတိတော်ပြည့်စုံစေခဲ့တယ်။
ကမ္ဘာဦးကျမ်း ၂၁:၂
စာရာသည်ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင်အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက်ကြီးသောအခါ၊ သူ့အားသားကိုဖွားလေ၏။
မောရှေကို ထာဝရဘုရားစတင်ခေါ်ထုတ်တဲ့အချိန်သည် အသက်ကြီးနေပါပြီ၊ စကားပြောနှေးတယ်၊ နှုတ်သတ္တိမရှိပါလို့ဆိုရတဲ့အထိကိုဖြစ်နေပြီ သို့သော် ဘုရားသခင်သုံးခဲ့တယ်။
ထွက်မြောက်ရာကျမ်း ၄:၁၂
သို့ဖြစ်၍ ယခုသွားလော့။ သင်၏နှုတ်၌ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟုမိန့်တော်မူ၏။
ယောသပ် ဘုရင်ဖြစ်မယ်ဆိုသောရူပါရုံစတင်ရခဲ့ချိန်သည် လူငယ်ဘဝ၊ ဆော့လို့ကောင်းတဲ့အချိန်လောက်သာရှိသေး၏၊ သို့သော် အချိန်တန်တော့အတည်ပြုပေးခဲ့တယ်။
ကမ္ဘာဦးကျမ်း ၄၁:၄၁
တစ်ဖန်ကြည့်ပါ၊ အဲဂုတ္တုပြည်တစ်ပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီဟု ယောသပ်အားမိန့်တော်မူလျက်၊
ဗာလမ်၏ မြည်းကိုအသုံးပြု၍ ဗာလမ်အားစကားပြောခြင်း။
တောလည်ရာကျမ်း ၂၂:၂၈
ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကိုဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကိုသုံးကြိမ်တိုင်အောင် ရိုက်ရမည်အကြောင်း၊ ငါသည်သင်၌ အဘယ်သို့ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊
ရှမွေလသည် အသက်ငယ်သေးသော်လည်း ဘုရားသခင်၏ခေါ်သံကို ကြားရခဲ့တယ်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၃:၁၀
ထာဝရဘုရားသည်လည်း ရှေ့နည်းတူ လာရပ်လျက်၊ ရှမွေလ၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလက၊ အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေသော်၊-
ဒါဝိဒ်သည် သိုးကျောင်းတဲ့အဆင့်အတန်း၊ အသက်ရွယ်ငယ်သော်လည်း ရွေးကောက်ခြင်းခံရတယ်၊ ဘိသိပ်ပေးခြင်းခံရတယ်။
ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၆:၁၃
ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။
ခရစ်ယာန်တွေကိုညှင်းဆဲခဲ့သော ရှင်ပေါလုသည် အမှုတော်မြတ်နဲ့မတန်ပါဘူးလို့ ထင်ကြစရာရှိသော်လည်း သခင်ခေါ်ထုတ်ခဲ့တယ်။
တမန်တော်ဝထ္ထု ၉:၁၈
ထိုခဏ၌ ရှောလု၏ မျက်စိမှ ငါးကြေးကွာကျသကဲ့သို့ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့်ထ၍ ဗတ္တိဇံကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့်လေ၏။
သင်နဲ့ကျွန်တော်ရော ဘယ်အထဲမှာပါနေသလဲ ?
အသက်ငယ်နေတာလား၊ အသက်ကြီးနေတာလား၊ ငယ်လွန်း၊ ကြီးလွန်းတာလား၊ အချိန်တွေနောက်ကျနေပြီလို့ထင်နေလား၊ အချိန်မရှိတော့ဘူး၊ ငါနဲ့မတန်ဘူး ငါကဆိုးသွမ်းမိုက်မဲ့သူလို့ထင်နေလား။ နှုတ်ရေးမစွမ်းသူဖြစ်ပါစေ၊ အသက်ယငယ်နေပါစေ၊ ကြီးနေပါစေ၊ ဆိုးသွမ်းခဲ့သူ၊ လက်ရှိဆိုးနေမိသေးသောသူ ဖြစ်နေပါစေ၊ မည်သူပင်ဖြစ်နေပါစေ၊ သင့်အတွက် ဘုရားသခင်၏အကြံအစည်ရှိတယ်ဆိုတာကို အားပေးချင်ပါတယ်။
လူသည် အပြင်ပန်း အဆင်းသဏ္ဌာန်ကိုသာကြည့်တတ်တယ်၊ ထာဝရဘုရားမူကား စိတ်နှလုံးကိုသာကြည့်သောဘုရားဖြစ်တယ်လို့ဆိုသကဲ့သို့ ကျွန်တော်တို့ရဲ့ နှလုံးသားသည် ဘုရားသခင်အတွက်သာဖြစ်နေပါစေ၊ သခင်သုံးလျှင် ကိုယ်အစွမ်းအစမဲ့နေပါစေဦးတော့၊ သုံညပင်ဖြစ်ဖြစ် အသုံးတော်ခံနိုင်ပါတယ်ဆိုတာကို အနည်းငယ်တိုက်တွန်းခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet