ကြက်တွန်သံ

ရှင်လုကာခရစ်ဝင် ၂၂:၆၀-၆၂
ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏခြင်းတွင် ကြက်တွန်လေ၏။
ထိုအခါ သခင်ဘုရားသည်လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ကြက် မတွန်မှီ သင်သည် သုံးကြိမ် မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသော စကားကို ပေတရုသည် သတိရသဖြင့်၊ ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။
ပေတရုသည် ယေရှုခရစ်တော်ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မယ်လို့ ဆိုသည့်အတိုင်း ငြင်းပယ်ခဲ့တယ်။ ကြက်မတွန်မှီ ချိန်ထိ သူသည် သတိမရချေ။ပတ်ဝန်းကျင်အခြေအနေများ၏ ရိုက်ခတ်မှု၊ သူ့ကိုထိခိုက်နာကျင်စေနိုင်မှု၊ စသဖြင့်တွေကို သူ သတိထားမိသောကြောင့် ဖြစ်စေ၊ ကြောက်စိတ်ကြောင့် ဖြစ်စေ သူကတော့ ယေရှုကို ငြင်းပယ်ခဲ့ပါတယ်။
ကြက်တွန်တဲ့အခါမှာတော့ သူသတိပြန်ဝင်လာခဲ့တယ်၊ ထိုငြင်းပယ်မိခြင်းတွေကြောင့် သူ ပြင်းထန်စွာ ငိုကြွေးခဲ့မိတယ်၊ သို့သော် နောက်တစ်ခါ ဘယ်သောအခါမျှ ငြင်းပယ်ခြင်းမျိုး မရှိတော့ပေ။ နောက်ပိုင်းမှာတော့ ယေရှုခရစ်တော်၏ စိတ်ချယုံကြည်ရသော သစ္စာရှိတဲ့ ငယ်သားကောင်းဖြစ်စေခဲ့တယ်။ ငါ့သိုးတို့ကို ကျွေးမွေးပါ၊ ငါ့သိုးတို့ကို ထိန်းပါဆိုသော အခွင့်အရေးရရှိခဲ့သူလဲဖြစ်ပါသည်။
လောကမှာ အသက်ရှင်နေတဲ့ ခရစ်ယာန် ညီအကိုမောင်နှမတွေကရော အဘယ်အရာကြောင့်များ ယေရှုခရစ်တော်ကို ငြင်းပယ်နေမိကြပါသလဲ။ ငွေကြောင့်လား၊ အိမ်ထောင်ရေးလား၊ လူမှုရေးကြောင့်လား၊ ရာထူးလား၊ အလုပ်မရမှာစိုး၍လား၊ စသဖြင့် အဘယ်အရာတွေကများ ငြင်းပယ်ခြင်းအတွက် တွန်းအားကိုဖြစ်စေတာလဲ။
တချို့ကတော့ ရာထူးမတက်မှာစိုးလို့ ငြင်းပယ်ကြတယ်၊ တချို့က အိမ်ထောင်ပြုချင်လို့ ငြင်းပယ်ကြတယ်၊ အလုပ်မှာ အဆင်ပြေဖို့ လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေဖို့ ငြင်းပယ်ကြတယ်၊ အချို့ကလဲ အိမ်ထောင်ဖက်ကြောင့် ယေရှုကို ငြင်းပယ်ကာ အခြားသော ဘုရားကိုဦးချကြတယ်၊ စသဖြင့် ငြင်းပယ်ခြင်းတွေကို သင်လုပ်နေမိပြီလား။ သင်ကသာ ငြင်းပယ်နေတာပါ ယေရှုကတော့ သင့်ကို လက်ကမ်းပေးနေလျှက်ပါ မိတ်ဆွေ။
ဒါ့ကြောင့် ကြက်တွန်ခြင်းကဲ့သို့သော သင့်ကို သတိပေးသူ၊ အကြောင်းအရာတစ်ခုကို ဆင်ခြင်မိချိန်၊ ဒီစာကိုဖတ်မိချိန်၊ သမ္မာတရားကို တွေ့ရှိချိန်၊ ဒေဿနာကို နာကြားမိချိန် တစ်ချိန်ချိန်မှာတော့ ပေတရုကဲ့သို့ ပြင်းထန်စွာ ငိုကြွေး၍ နောင်တရလိုက်ပါ မိတ်ဆွေ။ ထို့နောက်မှာတော့ သင့်ရဲ့ ငြင်းဆိုခြင်းတွေသည် ပြောင်းပြန်ဖြစ်ပါစေ။ ဒါ့ကြောင့် သာဓုသစ္စာရှိသော ငယ်သားကောင်းဟု အခေါ်ခံရ၍ ငါ့သိုးတို့ကို ကျွေးမွေး၊ ပြုစု၊ ထိန်းပါ ဟူသော ဒုတိယအကြိမ်အခွင့်အရေးကိုရတဲ့ သူများဖြစ်ကြစေဖို့ရန် ကြက်တွန်သံကဲ့သို့သော သတိပေးခြင်းကို ကြားရကာ နောင်တရ၍ အဖထံ ပြန်လာသော သူများဖြစ်ကြစေဖို့ရာ အနည်းငယ်ဝေမျှ တိုက်တွန်းလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet