November 26, 2026

ဘုရားသခင်၏အချိန်

ဟာမန်၏ မတရားမှုအကြံအစည်​ကြောင့် တနိုင်ငံလုံးရှိ ယုဒလူမျိုးတို့၏ စိတ်နှလုံး​ကြေကွဲ​နေကြရသည်။ အဓမ္မအမှုကို စနစ်တကျကြံစည်၍ မတရားမှုကြီးကို အ​ကောင်အထည်​ဖော်ကာလုပ်​ဆောင်​နေ​သော်လည်း ဟာမန်​ကောင်းစား​နေသည်၊ ပျော်ရွှင်​နေသည်၊ ထိုအမှု၌ ဝမ်း​မြောက်​နေသည်မဟုတ်ပါလား။ 

​မော်ဒဂဲသည်လည်း ထိုအမှုအရာများ​ကြောင့် စိတ်နှလုံး​ကြေကွဲ​နေသည်။ အဝတ်ကိုဆွဲဆုတ် ပြာနှင့်လူးကာ ငို​ကြွေး​နေခြင်း၊ မြို့လယ်​သို့သွားကာ ​အော်ဟစ်မြည်တမ်းခြင်းတို့ကိုကြည့်လျှင် ​သူ၏စိတ်ခံစားချက်အ​ခြေအ​နေကို ကျွန်​တော်တို့ နားလည်နိုင်မည်ဖြစ်သည်။ သူ့လူမျိုးများ အသတ်ခံရမည့်အ​ရေး၊ ထိုလူမျိုးတို့၏ အပြစ်တစ်ခုမျှမရှိပါပဲနှင့် အနိုင်ကျင့်ခံရမည့်အ​ရေး၊ လူမျိုးသုဥ်းသတ်ဖြတ်ခံရမည့်အ​ရေး၊ အာဏာနှင့် လက်နက်ကို စိတ်ကြိုက်အသုံးချကာ ယုဒလူမျိုးများအ​ပေါ် အနိုင်ကျင့်​​​စော်ကား သတ်ဖြတ်မည့်အ​ရေးသည် ​မော်ဒဂဲ၏ရင်ထဲတွင် စို့နင့်​နေ​ပေလိမ့်မည်။ 

ထို့​ကြောင့်လည်း ကူရာမဲ့​သော မည်သူမျှဝင်ခွင့်မရှိ​သည့် နန်း​​တော်တံခါး​ရှေ့တွင်ပင်လျှင် ရပ်ကာ ထိုမတရားမှုနှင့် သ​​ဘောမတူ​ကြောင်းကို ​မော်ဒဂဲပြ​သနေ​ပေသည်။ ယုဒလူမျိုးများသည်လည်း မတရားမှုကို ဆန့်ကျင်သည့်အ​နေဖြင့် ငို​ကြွေးမြည်တမ်းကြသည်၊ ​လျှော်​တွေအဝတ်များလည်းဝတ်ကာ ပြာနှင့်လူးခြင်း၊ အစာရှောင်ခြင်းများလည်း လုပ်​ဆောင်ကြ​ပေသည်။ 

ထိုမတရားမှုသည် အချိန်မည်မျှကြာမည်မသိပါ သို့​သော် ​မော်ဒဂဲနှင့် ယုဒလူများသည် အစာ​ရှောင်ခြင်း၊ ငို​ကြွေးမြည်တမ်းခြင်း၊ ​လျှော်​တေဝတ်ခြင်း၊ ပြာလူးခြင်းများကို လုပ်မြဲလုပ်ကြသည်။ ​မော်ဒဂဲသည်ပင်လျှင် ​နေ့စဥ် နန်း​​တော်​ရှေ့တွင် ရပ်​ကောင်းရပ်​နေ​ပေလိမ့်မည်။ ထိုသို့လုပ်​ဆောင်​လေ့ရှိကြ​သော်လည်း အဓမ္မအမှုကြီးသည် မ​ပျောက်သွားပဲ တစ်​နေ့ထက်တစ်​နေ့ တစ်ရက်ထက်တစ်ရက် သာ၍ကြီးစိုးလာသည်၊ ဆုံးရှုံးခြင်းများသည် သာ၍နီးကပ်လာသည်၊ ယုဒမျိုးနွယ်ပျက်သုဥ်းရ​တော့မည့်​နေ့ကို သာ၍သာ၍ နီးကပ်လာသလို ခံစား​နေကြရ​ပေမည်။ 

ဧသတာ၏ ရှင်ဘုရင်ကို​ပြောမည့်အရာအတွက် ​​နေ့ညမပျက် သုံးရက်ပတ်လုံးအစာ​ရှောင်ပါဟုဆို​သောအရာအ​ပေါ်၌လည်း ယုဒလူတို့လုပ်​ဆောင်ကြမည်ဖြစ်​သော်လည်း တစ်ရက်ထက်တစ်ရက် ​သေဖို့သာနီးကပ်လာသည်ဟုလည်း ခံစား​ကောင်းခံစား​နေရနိုင်မည်။ အမိန့်စာထွက်ကတည်းက၊ သတင်းကြားရကတည်းက လုပ်​ဆောင်​နေကြတာပဲ ဘာမျှထူးမလာ​သေးဘူး၊ အချိန်​တွေအကြာကြီး ​အော်ဟစ်မြည်တမ်းပြီး ငို​ကြွေး​နေကြတာပဲ ဘာတစ်ခုမျှအရာမထင်​သေးဘူး၊ အစာ​ရှောင်တယ် ပြာလူးတယ် ​လျှော်​တွေဝတ်တယ် နန်း​တော်​ရှေ့ရပ်တယ် တစ်​နေ့တစ်​နေ့ ဘာမှမထူးခြားလာဘူး စသဖြင့် ခံစား​နေကြရမည့် ယုဒလူတို့၏ စိုးရိမ်ခြင်း၊ ပူပန်​နေရခြင်း၊ နာကျင်​နေရခြင်းကိုလည်း အတိုင်းသားမြင်​တွေ့ခံစားရနိုင်​ပေသည်မဟုတ်ပါလား။ 

ဧသတာသည် သုံးရက်​မြောက်​​သောနေ့တွင် ရှင်ဘုရင်ကို​တွေ့ရန်သွားသည်။ ထိုသုံးရက်​နေ့တွင်ပင် ရှင်ဘုရင်၊ ဟာမန်နှင့် စားပွဲလုပ်သည်။ ထို​နေ့ ညမှာပင် ရှင်ဘုရင် အိပ်မ​ပျော်၍ နန်း​တော်မှတ်စာများကိုဖတ်သဖြင့် ​မော်ဒဂဲ၏ သူ့အ​ပေါ်၌ ​ကျေးဇူးပြုထားသည့်အ​ကြောင်းကို ပြန်သတိရ​စေသည်။ ​လေးရက်​မြာက်​နေ့တွင် ချိန်းဆို​သော စားပွဲတွင်​တော့ ဟာမန်၏ နိဂုံးချုပ်ကို မြင်​တွေ့ရ​ပေသည်မဟုတ်ပါလား။ 

ဧသတာဝတ္ထု  ၈:၁၆
ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ၏။ ယုဒလူတို့သည်လည်း၊ သက်သာရွှင်လန်း ၍ ဝမ်းမြောက်ခြင်း၊ အသရေထွန်းလင်းခြင်းသို့ ရောက်ကြ၏။ 

​မော်ဒဂဲနှင့် ယုဒလူတို့၏ဖြစ်စဥ်ကိုကြည့်လျှင် ​အော်ဟစ်ငို​ကြွေးခြင်း မည်မျှကြာသည်မသိ၊ ​​လျှော်​တေဝတ်ကာပြာလူးခြင်း မည်မျှကြာသည်မသိ၊ အစာ​ရှောင်ရာကာလ မည်မျှကြာသလဲဆိုသည်ကိုလည်း မည်သူမျှမသိပါ။ ထိုကာလအတွင်း သူတို့တစ်​ယောက်ချင်းစီ၏ စိတ်ခံစားချက် မည်သို့ဖြစ်​နေမည်နည်း၊ မည်မျှအားငယ်​နေမည်နည်း၊ မည်မျှစိုးရိမ်​ကြောက်ရွံ့​နေမည်ကို ကျွန်ုပ်တို့မသိကြပါ။ သို့​သော် ထိုကာလသည် အဆုံးမဟုတ်၊ ​အော်ဟစ်ရင်း ဆုံးရှုံးမသွားသလို၊ ငို​ကြွေးရင်းလည်း အပြီးသတ်မသွားသည်ကို ကျွန်ုပ်တို့မြင်​တွေ့ရ​​ပေသည်။ နှစ်ကြိမ်​တွေ့ဆုံသည့်စားပွဲနှင့် ရှင်ဘုရင် အိပ်မ​ပျော်သည့်ညသည် တိုက်ဆိုင်မှုတစ်ခု​တော့ မဟုတ်ပါတကား။ 

ထို့​ကြောင့် ကျွန်​တော်တို့၏ ငို​ကြွေးခြင်း၊ ​အော်ဟစ်မြည်တမ်းခြင်း၊ အစာ​ရှောင်ခြင်း၊ ဆု​တောင်းခြင်းတို့သည် မည်မျှကြာ​နေမည်ကို မသိ​သော်လည်း အချည်းနှီးမဟုတ်ဘဲ ဘုရားသခင်၏အချိန် (God's Timing) သည် ဧသတာ၏အဖြစ်အပျက်များကိုကြည့်လျှင်လည်း နားလည်နိုင်​ပေလိမ့်မည်ဟု အနည်းငယ်ခွန်အား​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next