ဆင်ခြင်အောက်မေ့သူ

မင်္ဂလာရှိခြင်းဆိုသော မင်္ဂလာကို လူတိုင်းနှစ်သက်ကြတယ်၊ လူတိုင်းမြတ်နိုးကြသလို လူတိုင်းလဲ လိုချင်ကြတယ်ဆိုတာ မငြင်းနိုင်ကြပါဘူး။ မင်္ဂလာနဲ့အမင်္ဂလာ ဘာကိုလိုချင်သလဲဆိုရင် အမင်္ဂလာလို့တော့ ယောင်လို့တောင် ဖြေမည်မထင်ပါ။ တရေးနိုးထမေးရင်တောင် အိပ်ချင်မူးတူးဖြေမှာ မင်္ဂလာလို့ပင် မဟုတ်ပါလား။
သို့သော် ကျွန်တော် ကျွန်မ အယောက်စီတိုင်းက မင်္ဂလာနဲ့သက်ဆိုင်ခြင်းတွေကို လုပ်ဆောင်ပါရဲ့လား။ မင်္ဂလာနဲ့ထိုက်တန်ပါရဲ့လား၊ လုပ်ဆောင်ခြင်း၊ ပြုမူခြင်း၊ နေထိုင်ပြောဆိုခြင်း စသဖြင့် တစ်ခုစီတိုင်က မင်္ဂလာနဲ့စပ်ဆိုင်ပြီး တကယ်မင်္ဂလာရှိသောသူရော ဖြစ်ပါရဲ့လား ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ ဒီတော့ ဘာလုပ်ရမှာလဲဆိုတာ စဥ်းစားစရာတစ်ခုလို့ ဆိုရဦးပေတော့မည်။
ကြေညာလေးတစ်ခုကို သွားသတိရမိပါတယ်၊ "မင်္ဂလာရှိအောင် မင်္ဂလာဆောင်" တဲ့လေ။ တကယ်တော့ ခေါင်းလျှော်ရည်ကြေညာတာပါ။ ကုန်ပစ္စည်း နာမည်ကိုယ်၌က မင်္ဂလာဖြစ်ပါတယ်။ ဟုတ်ပြီ ဆက်ရအောင် ... ဒါဆိုရင် ဘယ်လိုများမှ ကျွန်တော်တို့က ဒီမင်္ဂလာရှိသောသူဖြစ်မှာပါလဲ။ ဆာလံဆရာကတော့ ဒီလိုဆိုပါတယ်။
ဆာလံကျမ်း ၁:၂
ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
ကျွန်တော်တို့ ယုံကြည်သူတိုင်းသည်လည်း တရားတော်၌မွေ့လျှော်ဖို့လိုသလို ဆင်ခြင်အောက်မေ့တတ်သောသူ ဖြစ်စေဖို့ရာလိုပါတယ်။ နေ့ညမပြတ် အချိန်တိုင်း နှလုံးသွင်းဆင်ခြင်အောက်မေ့ခြင်းကို မိမိတို့လုပ်ဆောင်ရမည် မဟုတ်ပါလား။ ထိုတရားတော်သည် ထာဝရဘုရား၏ တရားတော်ဖြစ်ပြီး လူဆီမှ၊ လူ့အတွေ့အကြုံ၊ လူ့အကြံအစည်၊ လူ့အတွေးအခေါ်၊ လူ့ရဲ့ပြောဆိုခြင်းမှ မဟုတ်သောကြောင့် သမ္မာတရားနှင့် ညီသော တရားတော်ဖြစ်စေဖို့ကိုတော့ နှုတ်ကပတ်တော်နှင့် သေသေခြာခြာချိန်ထိုးရပေဦးတော့မည်။
မင်္ဂလာရှိသော ကျွန်တော်တို့ ယုံကြည်သူအယောက်စီတိုင်းသည် ထိုမင်္ဂလာကို ဆက်လက်တည်စေပြီး ထာဝရဘုရား၏ မင်္ဂလာတရားတော်များကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့ရင်း ရှေ့ဆက်ရမည့် အသက်တာကို မင်္ဂလာနှင့်သာ ပြည့်စေကြပါစို့ဟု အနည်းငယ်တိုက်တွန်း ခွန်အားပေးချင်ပါတယ်။
ရှင်မဿဲခရစ်ဝင် ၅:၁၁
ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet