ဘုရားသားဖြစ်ခြင်း အမှတ်တံဆိပ် (Logo)

ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် သတိထားကြည့်လျှင် မိမိတို့သုံးနေကျဖြစ်သော ဖုန်း၊ ကွန်ပျူတာ၊ မျက်မှန်၊ အဝတ်အစား၊ ကား၊ စက်ဘီး အစရှိသဖြင့်ကို တွေ့ရသလို ထိုအရာများတွင် သူတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်(Logo) တစ်ခုရှိတတ်ကြတယ်ဆိုတာကို တွေ့ရကြမှာဖြစ်ပါတယ်။
ဆိုကြပါစို့ ပန်းသီးကို တစ်ချက်ကိုက်ထားသော တံဆိပ်ကို ပိုင်သော Apple Company သည် သူ့ရဲ့ ပစ္စည်းတွေကို အဆင့်အတန်းမှီအောင် မထုတ်လုပ်ပါက သူ့ရဲ့ကိုယ်ပိုင် တံဆိပ်(Logo) ကိုထိခိုက်စေသည်၊ တနည်းဆိုသော် Company ထိခိုက်သည်၊ သူဌေးကိုထိခိုက်သည်။ လူတွေအမြင်မှာ တံဆိပ်ကိုမြင်မည်မှာ ပထမဆုံးဖြစ်သောကြောင့် မိမိ၏တံဆိပ်၊ Company၊ သူဌေးကို မထိခိုက်စေရန် အထူးသတိပြုကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့၏ ထုတ်ကုန်ကို အဆင့်မှီအောင် ထုတ်လုပ်ကြမှာဖြစ်တယ်။ အခြားသော တံဆိပ်တွေပိုင်သော Company တွေလည်း ထို့အတူဘဲဖြစ်တယ်လို့ နားလည်ရပါတယ်။
ကျွန်တော်တို့ ယုံကြည်သူခရစ်ယာန်တိုင်းသည်လည်း ထို့အတူဘဲဆိုတာကို နားလည်ဖို့ရာရှိပါတယ်။ သန့်ရှင်းသောဝိညာဥ်တော် တံဆိပ်ခံခြင်းခံရသော ယုံကြည်သူတစ်ယောက်၏ ပြစ်စလက်ခတ်နေခြင်း၊ အပြစ်လွန်ကျူးခြင်း၊ မတရားမှုပြုခြင်း စသဖြင့်သော အရာတွေသည် ထိုတံဆိပ်ကို ထိခိုက်ရုံသာမကဘဲ၊ အသင်းတော်၊ ခရစ်ယာန်အသိုင်းအဝိုင်း၊ စသဖြင့်နှင့် ဘုရားသခင်၏ဘုန်းတော်ကို ရှုံ့ချစရာဖြစ်တယ်လို့ နားလည်ရပါတယ်။ ဆိုကြပါစို့ မိမိ၏ အပြစ်ဒုစရိုက်လွန်ကျူးခြင်း၊ မတရားသောမေထုန်ဝင်ခြင်း၊ စသဖြင့်တွေသည် Company Logo မှ သူဌေးအထိ ထိခိုက်စေသကဲ့သို့ ဝိညာဥ်တော်၏တံဆိပ်ခပ်ခြင်း၊ အသင်းတော်၊ ခရစ်ယာန်အသိုင်းအဝိုင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထိခိုက်စေခြင်း၊ မထီလေးစားပြုခြင်း၊ စသဖြင့်ဖြစ်နေနိုင်သည်။ ထိုသို့ဖြစ်နေလျှင် စစ်မှန်သော နောင်တနှင့် ဘုရားသခင်ထံသို့ ပြန်လှည့်လာပြီး မိမိ၏ အပြစ်တွေကို ပြန်လည်ဝန်ချတောင်းပန်ဖို့ရန် လိုအပ်တယ်လို့ ဆိုချင်ပါတယ်။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၀:၃၁
သင်တို့သည်စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့။
ဒါ့ကြောင့် တမန်တော်ကြီးရှင်ပေါလုက အဘယ်အမှုကိုပြုနေပါစေ ဘုရားသခင်၏ ဘုန်းတော်ကိုထောက်၍ ပြုပါလို့ အတိအကျသတိပေးထားခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အယောက်စီတိုင်း အယောက်စီတိုင်းသည် မိမိတို့၏ ဘုရားသားဖြစ်ခြင်း အမှတ်တံဆိပ် (Logo) ကို အစွန်းအထင်းမဖြစ်စေဖို့၊ ထိုတံဆိပ်ကို တန်ဖိုးထားတတ်ကြဖို့နှင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသောသူများဖြစ်ကြစေဖို့ရာ သမ္မာသတိနှင့် သွားလာ၊ စားသောက်၊ လုပ်ကိုင်သော သူများဖြစ်ကြရအောင်လို့ အနည်းငယ် ဝေမျှခွန်အားပေးချင်ပါတယ်။ မိမိ၏ ဘုရားသားဖြစ်ခြင်း အမှတ်တံဆိပ် (Logo) ကို တန်ဖိုးထားတတ်ကြပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet