မင်္ဂလာရှိသောခွဲခွာခြင်း

လောကမှာ ခွဲခွာခြင်းတွေအမျိုးမျိုးရှိကြပါတယ်။ တချို့ကလည်း လောကမှခွဲခွာသွားကြတယ်၊ တချို့ကသားသမီးမိဘ ခွဲခွာခြင်း၊ သမီးရည်းစားခွဲခွာခြင်း၊ အိမ်ထောင်ရေးအရခွဲခွာခြင်း၊ မွေးရပ်မြေမှခွဲခွာခြင်း အစရှိသဖြင့် ခွဲခွာခြင်းတွေပေါင်းစုံကြုံတွေ့ကြရပါတယ်။ ဒီလိုခွဲခွာခြင်းတွေထဲကမှ မင်္ဂလာရှိသော ခွဲခွာခြင်းဟာဘာလဲ။ ခွဲခွာကြပြီလို့ဆိုကြတည်းက ဝမ်းနည်းရမယ်၊ ကြေကွဲရမယ်လို့ နာကျဥ်နေရမယ်သာ တွေးမိကြသလို တကယ်လဲဟုတ်နေပါတယ်။ ဒါပေမယ့် ဘယ်အရာဟာ နာကျဥ်ရသော်လည်း မင်္ဂလာရှိတယ်၊ ဘယ်အရာဟာ ငိုကြွေးရသော်လည်း တိုးပွားစေတယ်၊ ဘယ်အရာဟာ ဝမ်းနည်းရပေမယ့် အကျိုးရှိတယ်ဆိုတာကို ဆင်ခြင်ကြဖို့ဖြစ်ပါတယ်။
ဟန္န နဲ့ ရှမွေလ၏ ခွဲခွာရခြင်းသည် မိခင်ဖြစ်သူ နာကျဥ်မည်၊ လွမ်းဆွတ်မည်၊ ငိုကြွေးရမည်၊ နာကျဥ်ရမည်ဖြစ်သော်လည်း အကျိုးရှိသောခွဲခွာခြင်း၊ မင်္ဂလာရှိသောခွဲခွာခြင်းဖြစ်စေခဲ့သည်။ ကလေးမမွေးနိုင်သော ဟန္နသည်မြုံနေရာမှ ရှမွေလကိုမွေးဖွားခဲ့တယ်၊ တစ်ဦးတည်းသောသား၊ သားဦးဖြစ်သော်လည်း ဘုရားကိုပေးမယ်လို့ သစ္စာဝတ်ကိုပြုခဲ့သောကြောင့် သစ္စာဝတ်ကိုဖြေခဲ့တယ်။ အစပိုင်းမှာ ငိုကြွေးချင်စရာ နာကျဥ်ရသော ခွဲခွာခြင်းမျိုးဟုထင်စရာရှိခဲ့သော်လည်း၊ လက်တွေ့မှာ ပြောင်းပြန်ပင်။ ဘုရားသခင်သည် ရှမွေလကို အသုံးပြု၍ သူ့လူတွေကိုဦးဆောင်စေခဲ့ခြင်း၊ ရှောလု၊ ဒါဝိဒ်တို့အား ဘိသိပ်ပေးစေခြင်း စသဖြင့် များစွာမြင်တွေ့ရသည်။ ဟန္န နှင့် ရှမွေလ၏ ခွဲခွာခြင်းသည် နာကျဥ်စရာကောင်းသော ငိုကြွေးစရာဖြစ်သော သားဦးနှင့်ခွဲခွာရသော မိခင်တစ်ယောက်၏ခံစားချက်ကို မြင်ကွင်းတစ်ခုအဖြစ်မြင်ရသော်လည်း မင်္ဂလာရှိသော ခွဲခွာခြင်းတစ်ခုဖြစ်ခဲ့ပေသည်။
ဓမ္မရာဇဝင် စတုတ္ထစောင် ၂:၉
မြစ်တစ်ဘက်သို့ ရောက်သောအခါ ၊ ဧလိယက၊ သင်နှင့်ငါမကွာမီ ငါ၌ တစ်စုံတစ်ခုသောဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ် နှစ်ဆသောအဖို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊
ထာဝရဘုရားက ဧလိယကိုလေဗွေအားဖြင့် ကောင်းကင်ကို ချီဆောင်ချိန်ရောက်တဲ့အခါမှာ ဧလိရှဲရဲ့ ခံစားချက်သည် ဘယ်လိုဖြစ်မလဲ။ နွားငါးရှဥ်းနဲ့လယ်ထွန်နေရင်းမှ သူဟာရှိသမျှစွန့်ပြီး ဧလိယနောက်လိုက်လာတာ ဖြစ်တယ်၊ ဧလိယမရှိတော့ရင် သူပဲကျန်ခဲ့တော့မှာ၊ ကာလအတော်ကြာကြာ တူတူဖြတ်သန်းခဲ့ရတာတွေသည် မနေ့ကအလားပင်ဖြစ်နေမည်၊ နာကျဥ်စွာ၊ ဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရမယ့် ခွဲခွာခြင်းကို မကြာခင်ရင်ဆိုင်ရတော့မယ်ဆိုပေမယ့်။ ဒီခွဲခွာခြင်းဟာတိုးပွားခြင်းကိုဖြစ်စေခဲ့တယ်။
ဓမ္မရာဇဝင် စတုတ္ထစောင် ၂:၁၀
ဧလိယက သင်သည်ရခဲသောဆုကို တောင်း၏။ သင်နှင့်ငါကွာသည်ကို မြင်လျှင် ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။
ဧလိရှဲသည် ဝိညာဥ်အဖို့ နှစ်ဆကို မင်္ဂလာရှိသောခွဲခွာခြင်းမှရခဲ့တာဖြစ်တယ်၊ ငါနှင့်ကွာတာကို မြင်ရရင် ရမယ်၊ မဟုတ်ရင်မရဘူး၊ မကွာရင်လဲမရဘူးဖြစ်တယ်။ ဧလိယနဲ့ခွဲခွာရခြင်းကို ဘယ်လောက်ထိစောင့်ကြည့်နေရမလဲ၊ ကျွန်တော်တို့တောင် ခွဲခွာရခြင်းကို မြင်ရတဲ့အခါ ငိုကြွေးချင်မိတတ်ကြသေးတယ်မဟုတ်ပါလား။ သို့သော် ထိုခံစားချက်တွေကိုကြုံရမှာဖြစ်ပေမယ့် မင်္ဂလာရှိသော ခွဲခွာခြင်းအားဖြင့် ဝိညာဥ်အဖို့နှစ်ဆကို ဧလိရှဲရခဲ့ပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၆:၇
ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။
ယေရှုခရစ်တော် ကောင်းကင်သို့တက်ကြွခြင်းသည် တပည့်တော်များအတွက် ရင်နာစရာ၊ ဝမ်းနည်းစရာဖြစ်နိုင်ပါတယ်၊ တချိန်လုံးတူတူသွားလာခဲ့တဲ့ သခင်နဲ့ခွဲခွာရခြင်း၊ ထိုသခင်နဲ့အတူ နာယူခဲ့သောတရားများကို လွမ်းမိကြမှာဖြစ်ကြသလို၊ အနာရောဂါငြိမ်းခြင်းတွေ၊ နတ်ဆိုးနှင်ထုတ်ခြင်းတွေ၊ နမိတ်လက္ခဏာတွေ စသဖြင့် သခင်ပြုခဲ့သောအရာများကို သတိရနေကြမယ်ထင်ပါတယ်၊ အားကိုးစရာသခင်မရှိတော့လို့လည်း အားငယ်နေကြမယ်လို့ အဲဒီခွဲခွာခြင်းမှာ ထင်ကောင်းထင်နိုင်စရာရှိပေမယ့်။ ဒီအရာဟာ မင်းတို့အတွက် ဆုံးရှုံးဖို့မဟုတ်ဘူးဆိုတာကို အစကတည်းက ကြိုပြောထားပေးပြီးသားဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ သာ၍ မင်္ဂလာရှိသောအရာသည် တပည့်တော်တွေ၊ တမန်တော်တွေအတွက်သာမကဘဲ ကျွန်တော်တို့ ယုံကြည်သူများနှင့်ပါဆိုင်သောကြောင့်ပင်။
ယေရှုခရစ်တော် ကောင်းကင်သို့ မတက်ကြွရင် ကျွန်တော်တို့ ယုံကြည်သူတွေအားလုံးအတွက် အကျိုးမရှိပေ။ သန့်ရှင်းသောဝိညာဥ်တော်ဖြစ်သော ဥပဇ္ဈာယ်ဆရာသည် ယခုတွင် ကျွန်ုပ်တို့၌ ကျိမ်းဝပ်နေသောကြောင့် မင်္ဂလာရှိသောခွဲခွာခြင်းဖြစ်ကြောင်း သက်သေပင်ဖြစ်နေပါတော့တယ်။
တမန်တော်ဝထ္ထု ၁:၈
ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။
ဒါကြောင့် မင်္ဂလာရှိသော ခွဲခွာခြင်းအားဖြင့် သန့်ရှင်းသောဝိညာဥ်တော် ဆင်းသက်သောအခါ ကျွန်တော်တို့ ယုံကြည်သူတွေသည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု ဆိုသကဲ့သို့ တကယ်ဘဲ အသက်တာမှာ သန့်ရှင်းသောဝိညာဥ်တော်နှင့် ပြည့်ဝသောသူများဖြစ်ကြဖို့ရာ အနည်းငယ်ဝေမျှ ခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet