ပိတ်ဆို့ထားသော်လည်း

ပိတ်ဆို့တားဆီးခြင်းဆိုသည်ကို မည်သူမျှကြိုက်ကြမည်မထင်ပါ။ သို့သော် ကျွန်ုပ်တို့ မကြိုက်သော်လည်း ကြုံတွေ့ရတတ်သည်၊ ကျွန်ုပ်တို့ မဖြစ်ချင်သော်လည်း ဖြစ်ပေါ်လာတတ်ပေသည်။ ထိုပိတ်ဆို့နေခြင်းသည် ကျန်းမာရေးလည်းဖြစ်နိုင်သလို လူမှုရေးလည်းဖြစ်နိုင်သည်၊ ပညာရေးလည်းဖြစ်နိုင်သလို နိုင်ငံရေးလည်းဖြစ်နိုင်သည်မဟုတ်ပါလား။
ထိုသို့သော ပိတ်ဆို့တားဆီးနေခြင်းအမျိုးမျိုးတို့ကို တွေ့ကြုံရင်ဆိုင်ရသည့်နောက်တွင် မကျော်လွှားနိုင်တော့ဘူးဟုဆိုကာ စိတ်ပျက်အားငယ်သွားတတ်ကြပေသည်။ တနည်းဆိုရသော် ဖြစ်ပေါ်နေသည့် အရာများသည် ကျွန်ုပ်တို့ခွန်အားနှင့် မကျော်လွှားနိုင်သည့်အခါတွင်ဖြစ်စေ၊ မြင်တွေ့နေရသည့် အတားအဆီး ပိတ်ဆို့ခြင်းများသည် ကျွန်ုပ်တို့အင်အားနှင့် မမျှသောအခါတွင်ဖြစ်စေ ထိုပိတ်ဆို့တားဆီးခြင်း အခက်အခဲပြဿနာများအပေါ်သို့ စိတ်ပျက်ခြင်း၊ အားငယ်ခြင်းများလည်း ကြုံတွေ့ခံစားရနိုင်ပေသည်မဟုတ်ပါလား။
ထိုသို့မြင်တွေ့ကြုံတွေ့ရခြင်းသည် "ဒီတောင်ကို မောင်မကျော်နိုင်တော့ပါဘူး" ဟုဆိုသကဲ့သို့ စိတ်ပျက်အားငယ်သွားတတ်ကြပေသည်။ သို့နှင့် ကျန်းမာရေးပြဿနာ၊ လူမှုနေရေးအခက်အခဲ၊ စီးပွားရေး အကြပ်အတည်း၊ နိုင်ငံရေးပြဿနာ စသဖြင့် လမ်းမရှိတော့ဘူး၊ ပိတ်ဆို့နေပြီ၊ မဖြစ်နိုင်တော့ဘူးဟုထင်ရသည့် ထွက်ပေါက်တစ်ခုကို ပိတ်ဆို့ထားသော ကျောက်တစ်ခုအလား ဖြစ်နေပေလိမ့်မည်။
သမ္မာကျမ်းစာထဲတွင် မြင်တွေ့ရသည့် အရာများထဲမှ ပုဂ္ဂိုလ်နှစ်ဦးအကြောင်းကို အနည်းငယ်ဆင်ခြင်ကြည့်မည်ဆိုလျှင် ထိုသူနှစ်ဦးမှာလည်း ပိတ်ဆို့ထားသဖြင့် လွတ်မြောက်ရာလမ်းမရှိခဲ့ကြပေ။ ပထမတစ်ဦးမှာ လာဇရုပင်ဖြစ်သည်။ သင်္ချိုင်းတွင် သေနေပြီဖြစ်သည့် လာဇရုကြီးအားထားသည့်တွင်းကို ပိတ်ဆို့နေသော ကျောက်တစ်ခုရှိသည်။ သို့သော် ထိုကျောက်သည် လာဇရုအား ကြာကြာမပိတ်ဆို့ထားနိုင်ခဲ့ပေ။ သခင်ယေရှု၏ ကျောက်ကိုရွှေ့ပါဟု အမိန့်တော်အသံနောက်တွင် ထွက်ပေါ်လာသော မာသ၏ လေးရက်ရှိပြီ ယခုဆိုလျှင် နံပါလိမ့်မည်ဟုဆိုသော်လည်း သခင်ယေရှုအားဖြင့် သေနေပြီဖြစ်သည့် လာဇရုကြီး ထမြောက်ခဲ့ရသည်။ ကြုံတွေ့နေရသည့် အခြေအနေများ၊ မျက်မြင် အနေအထားများအရ မဖြစ်နိုင်ဘူးဟု အားငယ်စရာရှိသကဲ့သို့ ထိုအရာများအား ကျော်လွန်ခဲ့ရသလို၊ ပိတ်ဆို့ထားသည့် ကျောက်မှာလည်း မဖြစ်နိုင်ဘူးဟုထင်ရသော်လည်း တားမရဆီးမရဖြစ်ကာ လမ်းပွင့်စေခဲ့ရပေသည်။
ရှင်ယောဟန်ခရစ်ဝင် ၁၁:၃၈
တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။
နောက်တစ်ဦးမှာတော့ သခင်ယေရှုခရစ်တော်ပင်ဖြစ်ပေသည်။ သခင်ယေရှု၏အလောင်းတော်အား ပိတ်ချောနှင့်ပတ်ရစ်ကာ ကျောက်၌ထွင်းသည့် သင်္ချိုင်းတွင်းတွင်ထားကာ ကျောက်တုံးနှင့်လှိမ့်လျှက် ပိတ်ထားပေသည်။ မာဂဒလမာရိ၊ ယောသေ၏ အမိမာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ သွားရောက်ကြသည့်အချိန်တွင် တွင်း၌ပိတ်ဆို့ထားသည့် ကျောက်အား မည်သူရွှေ့ပေးမည်နည်းဟု အချင်းချင်းပြောဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကျောက်သည် ခွန်အားကြီးသည့်ယောကျ်ား သုံးလေးယောက်အားနှင့်ပင် ရွှေ့နိုင်ရန်ခက်ခဲသောကြောင့်ပင်ဖြစ်သည်။ သူတို့သည် သခင့်ထံသို့သာ သွားသည်ဖြစ်သော်လည်း ပိတ်ဆို့ထားသည့်ကျောက်အား ရွှေ့နိုင်ရန် မစဥ်းစားခဲ့မိချေ၊ သို့မဟုတ် တားဆီးထားသည့်ကျောက်ရှိသော်လည်း အရင်ရောက်အောင်သွားကာ မီးစင်ကြည့်ကမည်လား အကူအညီခေါ်ရွှေ့မည်လား ကျွန်ုပ်မသိပါ။
သို့သော်လည်း ထိုအမျိုးသမီးများရောက်သည့်အချိန်တွင် ကျောက်မှာ လှိမ့်လှန်လျှက်ရှိနေပြီးသားဖြစ်နေပေသည်။ တနည်းအားဖြင့်ဆိုရလျှင် ထိုကျောက်သည် ပိတ်ဆို့ထားသည်ဟု ထင်နိုင်စရာအကြောင်းရှိနိုင်သော်လည်း သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို မပိတ်ဆို့ထားနိုင်သကဲ့သို့ သခင်ယေရှုထံလာမည့်သူများအားလည်း ပိတ်ဆို့တားဆီးနိုင်ရန်အခွင့်မရှိပေ။
ရှင်မာကုခရစ်ဝင် ၁၆:၃
ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။
လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံရေး စသဖြင့် ပိတ်ဆို့တားဆီးနေသည့်အရာများသည် သခင်ယေရှုထံရောက်စေရန် ပိတ်ဆို့နေသကဲ့သို့ ထိုပိတ်ဆို့ထားသော အခက်အခဲများနှင့်သာ မဖြစ်နိုင်တော့ဘူးဟုဆိုကာ စိတ်ပျက်အားငယ်နေရန်အတွက်လည်းဖြစ်နိုင်ပေသည်။ မိတ်ဆွေနှင့် ကျွန်ုပ်တို့အား အဘယ်အရာများပိတ်ဆို့နေမည်နည်း။ သို့မဟုတ် သခင်ယေရှုထံမရောက်စေရန် ဘယ်အရာကများ ပိတ်ဆို့တားဆီးနေမည်နည်း။
လာဇရုကြီးအားပိတ်ဆို့နေသည့်ကျောက်သည် လာဇရုထမြောက်ရန် မပိတ်ထားနိုင်ခဲ့သလို၊ သခင်ယေရှု၏အလောင်းတော်အား ပိတ်ဆို့ထားသည့်ကျောက်သည် သခင်ယေရှု၏ထမြောက်ခြင်းအားမတားဆီးနိုင်ခဲ့ပေ။ ထို့အတူ သခင်ယေရှုထံလာရောက်မည့်သူများအားလည်း မတားဆီးနိုင်ခဲ့ပါ။ ထိုသခင်ယေရှုထမြောက်ခြင်းသည် သင်နှင့်ကျွန်ုပ်အတွက်ဖြစ်ပေသည်။ ထို့ကြောင့် ယနေ့ကျွန်ုပ်တို့ ကြုံတွေ့နေရသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အခက်အခဲပြဿနာများသည် ကျွန်ုပ်တို့အမြင်တွင် ပိတ်ဆို့တားဆီးနေသည်ဟုထင်စရာအကြောင်းရှိ၍ စိတ်ပျက်အားငယ်စရာရှိသော်လည်း ကျွန်ုပ်တို့အား မတားဆီးနိုင်ပါ၊ ကျွန်ုပ်တို့အောင်မြင် ကျော်လွှားနိုင်ရပေဦးလိမ့်မည်။ ထို့အပြင် ထိုအခက်အခဲ ပိတ်ဆို့တားဆီးခြင်းများသည် သခင်ယေရှုနှင့် ဝေးကွာစေရန်၊ သခင်ယေရှုနှင့် မတွေ့ဆုံနိုင်စေရန် သာ၍မလုပ်ဆောင်နိုင်ပါကြောင်း အနည်းငယ်ခွန်အားပေးလိုက်ချင်ပါသည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet