ဘုရားသခင်နှစ်သက်သောအမှု

မိဘဆိုတာဟာယုံကြည်သူတို့အတွက်တော့ ကောင်းကင်တမန်အလားပါပဲ။ တချို့တွေသည်မိဘကအရေးမကြီးဘူး ၊ ဘုရားကသာအရေးကြီးတာဟုအထင်အမြင်လွဲတတ်ကြသောကြောင့် သူတပါးအတွက်ထိမိ၍လဲစရာကဲ့သို့ဖြစ်စေသည်။ သူတပါးကိုနားလည်စေရန်ရှင်းပြခြင်းမျိုးလိုအပ်ပါတယ်။
ကျမ်းစာမှာမိဘကိုရိုသေစွာပြုလော့ဟုသေသေချာချာသွန်သင်ထားပါတယ်။ မိဘစကားနားထောင်ခြင်း မိဘကိုရိုသေခြင်းတွေသည် ဘုရားသခင်နှစ်သက်သောအမှုတွေဖြစ်ပါတယ်။ မိဘကိုဘုရားနေရာမှာထားတာမျိုးတော့မဟုတ်ဘဲ မိဘကိုရိုသေစွာပြုရမယ် ၊ မိဘစကားနားထောင်မယ် စသဖြင့်ပေါ့။ ဒါကိုတချို့ကသူတပါးနားလည်အောင်မရှင်းပြတတ်တဲ့အခါမှာ မိဘတွေဘာတွေကအရေးမကြီးဘူး ဘုရားသာအရေးကြီးတာဆိုပြီးလွဲမှားစွာအနက်ပြန်ပြီးမရှင်းပြတတ်ကြသောကြောင့်မယုံကြည်သူများကိုပြောပြတဲ့အခါမှာ တချို့ကအထင်လွဲသွားတတ်ကြပါတယ်။ ဒါ့ကြောင့် ရှင်းပြတဲ့အခါမှာ စေတနာစိတ်နဲ့ဖြေးညှင်းသောသဘောနဲ့ သေသေချာချာနားလည်စေရန်မေတ္တာမပျက်ဘဲရှင်းပြပေးစေချင်ပါတယ်။ အတိုက်အခံလုပ်ချင်၍မေးမေး ၊ ဟုတ်ဟုတ်မဟုတ်ဟုတ်ငြင်းချင်၍မေးမေးပေါ့။
ဘုရားသခင်ကိုတော့ပထမနေရာမှာထားရမှာဆိုတာကိုနားလည်စေချင်ပါတယ်။ ရုပ်တုကိုးကွယ်ခြင်းဆိုတာဟာ တကယ့်ရုပ်တုဆိုတာကြီးကိုပြောခြင်းထက် မိမိ၏စိတ်နှလုံးထဲမှာဘယ်အရာကိုဦးစားပေးဖြစ်နေသလဲဆိုတာပါပဲ။
ရှင်လုကာခရစ်ဝင် ၁၂:၃၄
အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့စိတ်နှလုံးရောက်တတ်၏။
ဥပမာ မိမိရဲ့အလုပ်လား ၊ ငွေကြေး ၊ ရာထူး ၊ မိဘ ၊ မိန်းမယောကျ်ား ၊ သားသမီး ၊ စည်းစိမ် အစရှိသဖြင့်သက်ရှိသက်မဲ့ဘယ်လိုအရာမျိုးကိုဖြစ်စေ ဘုရားမဟုတ်သောမည်သည့်အရာဖြစ်စေ ဦးစားပေးနေရာမှာထားမိခြင်း ၊ ပထမနေရာမှာရောက်နေတယ်ဆိုရင် ဒါဟာရုပ်တုကိုးကွယ်ခြင်းပါပဲ။ ဒီလိုသာစိတ်နှလုံးကစွဲနေမယ်ဆိုရင်တော့ ဒါဟာထိုအရာတွေကိုဦးစားပေးခြင်း ၊ ထိုအရာကိုဘုရားနေရာမှာထား၍ရုပ်တုကိုးကွယ်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ယုံကြည်သူခရစ်ယာန်တွေဟာ မိဘကိုလဲချစ်ပါတယ် ၊ ရိုသေစွာလဲပြုပါတယ် ၊ စကားလဲနားထောင်ပါတယ် ၊ ဘုရားကိုပြစ်မှားစေခြင်းမျိုးမှလွဲ၍ စကားနားထောင်ခြင်းရှိပါတယ်။ သို့သော် နံပါတ်တစ်ဦးစားပေးကတော့ဘုရားပဲဖြစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ ဒီတော့က ကျွန်တော်တို့ယုံကြည်သူအယောက်စီတိုင်းသည် မိမိ၏ပထမဦးစားပေးနေရာကိုပြင်ဆင်ကြရင်းဘုရားသခင်နှစ်သက်သောအမှုပြုကြရအောင်လို့အယောက်စီတိုင်းကိုအနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ကောလောသဲဩဝါဒစာ ၃:၂၀
သားသမီးတို့၊ မိဘစကားကို အရာရာ၌ နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသော အမှုဖြစ်၏။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi