November 26, 2026

နူရာမှ ဝဲပင်စွဲပါ​စေ

နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း ဆို​သော စကားပုံကို ကြားဖူးကြမည်ထင်ပါသည်။ နူနာရောဂါ စွဲကပ်နေရာတွင် ယားယံသော ဝဲနာထပ်ပေါက်သကဲ့သို့၊ မိမိလဲကျရာတွင် သူခိုးဟုထင်၍က တံတောင်နှင့် ထောင်းခံရပြန်သကဲ့သို့ ဒုက္ခဖြစ်နေရာတွင် နောက်ထပ်ဒုက္ခတစ်မျိုး ထပ်ဆင့်ပေါ်လာပြန်သည်ဟု ဆိုကြရမည်ထင်ပါတယ်။ 

နူ​နေပါတယ်ဆိုကာမှ ဝဲကထပ်​ပေါက်ရတဲ့အဖြစ်မျိုးသည် အင်မတန်မှ ခံစားရခက်မည်မဟုတ်ပါလား။ ဒီလိုအဖြစ်မျိုး​တွေ ကြုံ​တွေ့ရတတ်သလားဆိုရင်ဖြင့် ကြုံ​တွေ့နိုင်ပါတယ်လို့သာ ဆိုရ​ပေဦး​တော့မည်။ လက်ရှိမှာ ​တွေ့ကြုံ​နေရ​သော ညီကို​မောင်နှများလည်း ရှိနိုင်​ပေသည်။ ထိုသူ​တွေကိုလည်း စိတ်မပျက်ဖို့ရာ အနည်းငယ် အား​ပေးချင်ပါတယ်။ သမ္မာကျမ်းစာထဲမှာလည်း ထိုသို့ တပူ​ပေါ်တပူ နှစ်ပူဆင့်၊ ဒုက္ခ​ပြဿနာသည် သမင်လည်ပြန် နှစ်ခါပြန် သုံး​ လေး ငါးခါပြန်လှည့်ကြည့်ကာ စိုက်စိုက်မြိုက်မြိုက် ဝင်​ရောက်ကာ ဧည့်သည်လာဖွဲ့ခြင်း​တွေကို မြင်ရ​ပေမည်။ ထိုအထဲတွင် လူနှစ်​ယောက်၏ အသက်တာကို ကြည့်၍ ဆင်ခြင်ခွန်အားယူကြရ​အောင် အနည်းငယ် ​ဖော်ပြလိုက်ပါတယ်။ 

ယောဘဝတ္တု ၁:၂၁
အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။ 

​​ယောဘ၏ အသက်တာကိုကြည့်ရင် ဘုရားကို အင်မတန် သစ္စာရှိသူ၊ ကိုးစား​သောသူ၊ ယုံကြည်လျှက် ပညတ်​တော်များကို လိုက်​လျှောက်​သောသူအဖြစ်မြင်​တွေ့ရ​သော်လည်း ဒုက္ခ​တွေကို ကြုံ​တွေ့ခဲ့ရတယ်။ တစ်​နေ့မှာ​တော့ သူ့ရဲ့ ပစ္စည်းဥစ္စာအကုန်လုံး တစ်ရက်အတွင်း ဆုံးရှုံးသွားတယ်။ သို့​သော် ဘုရားသခင်​ပေးတယ်၊ ဘုရားသခင်ရုပ်သိမ်းတယ်ဟု ဝန်ခံတတ်​သော သူ့နှလုံးသားကို အတိုင်းသာ မြင်​တွေ့ရတယ်။ သို့​သော် ဆုံးရှုံးသွား​သော စည်းစိမ်​တွေသာမက​သေးပဲ သားသမီးများပါ ​သေဆုံးရပြန်တယ်။ ​နောက်​​တော့လည်း သူ့ရဲ့ ကိုယ်မှာ အနာစိမ်း​ပေါက်ကာ ပြာလူးရတဲ့အထိ နူရာဝဲစွဲ လဲရာ သူခိုး​ထောင်းအဖြစ်ကို ကြုံ​တွေ့ရပါ​တယ်။ 

​ယောဘ၏ မိတ်​ဆွေသူငယ်ချင်း​တွေက​တော့ ယခု​ခေတ်မှာ ​ခေတ်စား​တဲ့ အချို့​သောဒေသနာ​တွေလို ဆိုကြ​လေရဲ့။ ဘုရားနဲ့မှန်ရင် ဒီလိုမကြုံဘူး၊ ဘုရားသားဆိုရင် မင်းဒီလိုဖြစ်မလား၊ ဘုရားနဲ့မမှန်လို့ဖြစ်တာ၊ ပြစ်မှားလို့ဖြစ်တာ စသဖြင့်သော ဂျင်းသုပ်ကို ပါးပါးစီလှီး၍ ကြက်သွန်နှင့် သုပ်​​ကျွေး​သော ​ယောဘ၏ သူငယ်ချင်းများအားလည်း သတိထားစရာအဖြစ် မြင်​တွေ့ရပါတယ်။ 

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၁၁:၂၅
သုံးကြိမ်မြောက်အောင်ကြိမ်လုံးနှင့် ရိုက်ခြင်းကို၎င်း၊ တကြိမ်ခဲနှင့်ပစ်ခြင်းကို၎င်း ငါခံရပြီ။ သုံးကြိမ် မြောက်အောင် သင်္ဘောပျက်ခြင်းကို ခံရပြီ။ တနေ့နှင့် တညဉ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။ 

​ရှင်​ပေါလုကိုကြည့်ပြန်ရင်လည်း သူသည် ဒုက္ခတစ်ခုပြီးတစ်ခု ကြုံ​တွေ့ခဲ့ရတယ်။ ပင်လယ်ကူး​သော​ဘေး၊ ဓါးပြ​ဘေး၊ သစ္စာ​ဖောက်ခံရတဲ့​ဘေး၊ စုံ​နေ​အောင် အမျိုးမျိုးကြုံ​တွေ့ရတယ်။ အပြစ်မရှိဘဲ အဖမ်းခံရတယ်၊ ဒီလိုနဲ့ ပင်လယ်ကူးတဲ့​ဘေးကို ထက်ပြီးကြုံတယ်၊ ဒါနဲ့သင်္ဘောပျက်ပြီး ​ကုန်း​ပေါ်​ရောက်ပြန်တယ်။ လူရိုင်း​တွေနဲ့​​တွေ့ရပြန်​လေရဲ့။ မီး​မွှေးတဲ့အခါ မီးခိုးထဲက ​မြွေထွက်ကိုက်ခံရပြန်​တယ်။ သူသည်လည်း နူရာဝဲစွဲ လဲရာ သူခိုး​ထောင်း မဟုတ်ပါလား။ 

ဒါ​ပေမယ့် ​နောက်ကွယ်မှာ အ​ဖြေတစ်ခုရှိ​နေသလို၊ အ​ကြောင်းမဲ့မဖြစ်​စေရဘူးဆိုတာကိုလည်း မြင်​တွေ့ရပါတယ်။ ​​ယောဘ၏ သစ္စာရှိခြင်း၊ သည်းခံခြင်း၊ ယုံကြည်ခြင်းသည် အချည်းနှီးမဖြစ်​ပေ။ ဘုရားသခင်၏ နှစ်ဆ​သော အဖိုးအခ ပြန်လည်​ပေးအပ်ခြင်းကို ​ယောဘဝမ်း​မြောက်စွာ ခံစားခဲ့ရသည်။ ရှင်​ပေါလု၏ အဖြစ်အပျက်ကိုကြည့်ရင်လည်း ထို​နောက်ကွယ်တွင် လူရိုင်းများ ကယ်တင်ခြင်းရဖို့ရန်၊ အသက်တာ​ပြောင်းလဲ​စေရန်၊ နမိတ်လက္ခဏာမြင်​တွေ့​စေရန်နှင့် ဘုရားသခင်ဘုန်း​တော်ထင်ရှား​စေရန်ဖြစ်​စေခဲ့သည် မဟုတ်ပါလား။ 

ကျွန်ုပ်တို့ယုံကြည်သူတိုင်း၏ အသက်တာတွင်လည်း ထိုကဲ့သို့​သော ကြမ်းတမ်းတဲ့ အခက်အခဲ ပြဿနာများစွာ တစ်ခုပြီးတစ်ခု ကြုံရနိုင်ပါတယ်။ နူရာမှဝဲပင်စွဲပါ​စေ၊ လဲရာမှာ သူခိုးပဲ​ထောင်း​စေဦး​တော့ ကျွန်ုပ်တို့သည် အားမ​လျော့ စိတ်မပျက်​စေပဲ အကျွန်ုပ်တို့၏ ခွန်အား၊ ရဲတိုက်၊ ခိုလှုံရာ​ ​ကျောက်ဖြစ်တဲ့ သခင်​ယေရှုခရစ်​​တော်နှင့်အတူ ဖြတ်​ကျော်ကာ အခက်အခဲ ပြဿနာ​တွေသည် အချည်းနှီးမဖြစ်​စေဘူး ထို​နောက်တွင်လည်း ဘုန်း​တော်ထင်ရှားစရာရှိတယ်ဆိုတာကို အနည်းငယ်​ဝေမျှ ခွန်အား​​ပေးလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next