မြို့ရိုး၏တစ်ဘက်၌

ယောရှုတို့သည် ယောဒန်မြစ်ကိုဖြတ်ကူးပြီးသည့်နောက်တွင် ယေရိခေါမြို့ကို ဦးစွာရင်ဆိုင်ရသည်။ ထိုမြို့သည် အင်မတန်ခိုင်ခန့်သောမြို့ဖြစ်သည်။ အုပ်ရိုးမြို့ရိုး အင်မတန်တောင့်တင်းလွန်းသည့်အတွက်ကြောင့် ယေရိခေါ်မြို့နေ စစ်သည်တော်တို့သည် အေးဆေးစွာ နေနိုင်ကြသည်ဟုလည်း ထင်ပါသည်။
ထိုမြို့ရိုးသည် နှစ်ထပ်ရှိပြီး မြင်းလှည်းနှစ်စီး အေးဆေးစွာ ရှောင်မောင်းလို့ရသည်ဟုပင် မှတ်တမ်းထင်ထားကြပေသည်။ ထို့ကြောင့်လည်း စစ်သည်တို့သည် ထိုအရာကိုအားကိုးပြီး အေးဆေးတည်ငြိမ်စွာနေကြသည်ဟုပင် မှတ်ယူမိပါသည်။ သူတို့၏ရန်သူများကို မြို့ရိုးအားကိုးနှင့် အေးဆေးစွာ ရင်ဆိုင်တိုက်လှန်နိုင်ခြင်းကြောင့်လည်း ထိုမြို့ရိုးကို အင်မတန်ယုံကြည် အားကိုးအားထားပြုကြ၍လည်း စစ်တိုက်ကြသည်ဖြစ်ပေမည်။
ယနေ့မိတ်ဆွေကရော ဘယ်လောက်တောင့်တင်းခိုင်မာသော အားထားရာကို ဘယ်လောက်ထိ အားကိုးနေမိပါသလဲဆိုတာကို ဆင်ခြင်ကြရအောင်လား။ သင့်ရဲ့ ချမ်းသာခြင်းကိုအားကိုးလွန်းနေသလား၊ သင့်ရဲ့ ပညာ၊ သင့်ရဲ့ ဥာဏ်လား၊ သင့်ရဲ့ ဂုဏ်ဒြပ်တွေကို အားကိုးလွန်းနေသလား၊ သင့်ရဲ့ ရာထူးစည်းစိမ်တွေ၊ သင့်ရဲ့ အာဏာကိုအားကိုးလွန်းသလား၊ သင့်ရဲ့ ခွန်အားဗလကိုလား၊ သင့်ရဲ့ လက်နက်ကိုအားကိုးလွန်းနေသလား စသဖြင့် သင့်ရဲ့လက်ထဲမှာရှိတဲ့ ဘယ်အရာကို အားကိုးလွန်းနေပါသလဲ။ ယေရိခေါမြို့ကတော့ တောင့်တင်းခိုင်မာလွန်းတဲ့ အုပ်တံတိုင်းကြီးကို အားကိုးခဲ့ပါတယ်။
ယောရှုမှတ်စာ ၆:၂၀
ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကိုကြား၍ ကျယ်သောအသံနှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင်ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင်ပြီးလျှင် သိမ်းယူကြ၏။
ထိုတောင့်တင်းခိုင်မာလွန်းပါတယ်၊ မြင်းလှည်းနှစ်စီးအေးဆေး ရှောင်မောင်းနိုင်ပါတယ်ဟုဆိုသည့် မြို့ရိုးကြီးသည် ပြိုပျက်ခဲ့သည်။ ယေရိခေါမင်းကြီးနှင့် မြို့သားတွေ၊ စစ်သည်တွေအားကိုးထားသည့်မြို့ရိုးကြီးသည် ရုပ်ပျက်ဆင်းပျက် ပြိုလဲကာ တစ်စစီကျိုးပဲ့ကြွေသွားခဲ့သည်မဟုတ်ပါလား။
ယောရှုတို့ဘက်တွင် ထာဝရဘုရားသခင်အတူရှိခြင်းကြောင့် ခိုင်ခန့်လွန်းသည်ဟုဆိုသည့် ယေရိခေါမြို့ရိုးကြီးမှာတော့ ပြိုလဲပျက်ဆီးခဲ့ရသည်။ ယောရှုတို့နှင့်အတူ ဘုရားသခင်အတူရှိခြင်းကြောင့် သူတို့အား ပေးမည်ဆိုသည့် မြို့ကြီးကိုရယူနိုင်ခဲ့သည်။ ထိုမြို့အားဖြင့် ကတိတော်မြေကို စတင်ဝင်ခဲ့သည်။ "မောရှေနှင့်အတူငါရှိသကဲ့သို့ သင်နှင့်အတူငါရှိမည်" ဆိုသည့် ကတိတော်သည် ထင်ရှားခဲ့သည်။
ယေရိခေါတို့မည်သည် သူတို့အားထားသည့် တောင့်တင်းလွန်းသော မြို့ရိုးမှာတော့ ပြိုပျက်ရုံမကပဲ အရာအားလုံးဆုံးရှုံးခဲ့ရပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့မသိလိုက်သိမှာတော့ ထိုမြို့ရိုးကြီး၏ တစ်ဘက်၌ ဘုရားသခင်ရှိနေခြင်းပင်ဖြစ်သည် မဟုတ်ပါလား။ ယနေ့မိတ်ဆွေ သင်သည် ယောရှုတို့ကဲ့သို့ ဘုရားသခင်ကိုသာ ကိုးစားသောသူလား၊ ယေရိခေါမြို့ကဲ့သို့ မြို့ရိုးကိုအားကိုးသူလား။ ယောရှုတို့ကဲ့သို့ မြို့ရိုးကိုပတ်နေခြင်းလား၊ ယေရိခေါတို့ကဲ့သို့ ပြိုလဲမည့်ဘက်ကလား၊ သင်တို့ဘက်၌ ဘုရားသခင်ရှိခြင်းလား၊ သင်တို့တစ်ဘက်၌ ဘုရားသခင်ရှိခြင်းလား နားလည်နိုင်ဖို့ရာဘုရားရှင်ကောင်းကြီးရှိပါစေ။
သင်၏ခိုင်ခံ့ပါတယ်ဟုဆိုခြင်းသည် သင့်အားကိုးရာ ဘာဘာညာညာတွေမဟုတ်ပဲ "ဘုရားသခင်၏ လက်တော်သာ" ဖြစ်ပါစေ။ ယနေ့ အင်မတန်မှ တောင့်တင်းခိုင်မာပါသည်ဟုလေ့ရှိကြသော မိမိတို့၏ လုပ်ငန်း၊ မျိုးရိုး၊ လုပ်ပိုင်ခွင့်၊ စည်းစိမ်၊ ဂုဏ်ဒြပ်၊ ပညာ၊ အရည်အချင်း၊ အာဏာ၊ ပါဝါ၊ လက်နက်၊ ကာယ၊ အခွင့်တန်ခိုးပင်ဖြစ်ပါစေ ယေရိခေါမြို့ရိုးကဲ့သို့ပင်ဖြစ်တတ်သည်ဟု နားလည်ကာ သမ္မာတရား၌ရပ်တည်ကြပြီး ဘုရားခင်ဘက်၌ရှိသောသူများဖြစ်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet