တန်ဖိုးထားပါသလား

ရုပ်ရှင်တစ်ခုထဲမှ ဇာတ်ဝင်ခန်းလေးတစ်ခုကို သဘောကျမိသည်။ ထိုအရာမှာ ကလေးငယ်တစ်ဦးကို အခြားကလေးမှ စကားဖြင့် ရန်စနေသည်။ တဖြေးဖြေးနှင့် ဖခင်မရှိခြင်းကိုပါ ရန်စလာသောကြောင့် ကလေးငယ်၏ သူငယ်ချင်းသည် မနေနိုင်တော့၍ နပန်းလုံးလိုက်မိသည်။ ထိုအကြောင်းအရာများမှ ကျွန်ုပ်မှတ်မိသလောက် ပြန်၍ ပြောပြချင်ပါသည်။ သို့နှင့် နပန်းလုံးသည့် ကလေးငယ်၏ ဖခင်ရောက်လာ၍ ရန်ပွဲပြီးသွားခဲ့သည့်နောက်တွင် ရန်စခံရသည့် ကလေး၊ မခံနိုင်၍ နပန်းဝင်လုံးသည့်သူငယ်ချင်းတို့သားအဖ သုံးရောက်သား ခုံပေါ်တွင် ထိုင်နေကြသည်။ ဖခင်ဖြစ်သူမှ ရန်စခံရသည့် သူငယ်ချင်းဘက်၌ ရပ်တည်ပေးသူ သမီးအား တော်ကြောင်းဆိုသည်နှင့်တူသည် (ကျွန်ုပ်သိပ်မမှတ်မိ)။
သို့နှင့် ရန်စခံရသူကလေးမှ ယခုကဲ့သို့ မေးသည် "သည်းခံရမှာ မဟုတ်ဘူးလား" သို့နှင့် ယခုကဲ့သို့ပြန်ဖြေခဲ့သည် "သည်းမခံရမယ့် အရာတွေဆိုတာရှိတယ်၊ ဥပမာ ကိုယ်တန်ဖိုးထားတဲ့ အရာတွေပေါ့"
ဒီစကားသည် ကျွန်ုပ်တို့အတွက် စဥ်းစားစရာတစ်ခုလည်း ဖြစ်လာပေသည်။ သည်းခံခြင်းသည် ကောင်းပါသည်။ သို့သော် အရာရာ၌ ဘာမှမပြောတော့ဘဲသာ သည်းခံနေလျှင် မိမိတန်ဖိုးထားရာကို ထိပါးလာလျှင်လည်း မသိမသာနှင့် အစော်ကားခံနေရပေဦးတော့မည်။ လောကတွင် ကျွန်ုပ်တို့တန်ဖိုးထားရာကို အမြဲတမ်းကာကွယ်တတ်ကြသည်မှာ လူ့သဘာဝပင်။ အနည်းဆုံး သတိထား၍ စဥ်းစားကြည့်လျှင် မည်သူမဆို ကိုယ့်မိဘကို ထိလျှင် မကြိုက်တတ်၊ မခံနိုင်ကာ ပြန်ပြောတတ်ကြသကဲ့သို့ ကလေးဘဝတွင်လည်း ရန်ပင်ဖြစ်တတ်ကြပေသည်။ မိမိတို့၏ တန်ဖိုးထားရာ မည်သည့်အရာအတွက်မဆို ကာကွယ်တတ်ကြသလို၊ ထိပါးလာလျှင် မခံမရပ်နိုင်ဖြစ်ကြတတ်ပေသည်။ ထို့ကြောင့် မိမိတို့၏ တန်ဖိုးထားရာ တစ်ခုခုကို ထိလျှင် သည်းမခံနိုင်ကြသည်မှာ သဘာဝတစ်ခုလိုပင်ဖြစ်ပေသည်။
ခရစ်ယာန်တစ်ဦးအနေဖြင့် တန်ဖိုးထားရမည့် အရာတွေကိုရော ထိုသို့ သည်းမခံဘဲနေနိုင်မည်လော။ ထောက်ပြခြင်းတွေက ဘုရားဘုန်းမထင်ရှားဘူး၊ ငြင်းနေတာ မြင်မကောင်းဘူး၊ လောကမှာ အလွဲတွေ မှားယွင်းသောဩဝါဒတွေက ရှိနေမှာမို့ ပြောမနေနဲ့ စသဖြင့် ထားလိုက်ဖို့ကိုသာ တွေးနေမိပါသလား။
မှန်တာပြောရင် ရွာပြင်ထုတ်ခံရမယ်၊ မှားယွင်းသောဩဝါဒတွေကို ထောက်ပြရင် လူမုန်းများမယ်၊ နာမည်ကြီးဆရာတွေကို မထောက်ပြနဲ့ အလှူငွေအရနည်းမယ်၊ အစရှိသဖြင့်တွေကြောင့်သာ မသိမသာနှင့် လက်ရှောင်မိခြင်းတွေလည်း ရှိပေဦးမည်။ သို့သော် ကျွန်ုပ်တို့ ဘဝအတွက် တန်ဖိုးထားရာတွေကို သည်းမခံဘဲ ကာကွယ်တတ်ကြသလို သမ္မာတရားအတွက် ရပ်တည်နိုင်မလား။ ဒီကနေ့က စဥ်းစားဖို့လိုလာတဲ့ နေ့ရက်ဖြစ်လာပါတယ်။
သည်းမခံဘူးကွာ ဆိုပြီးလည်း ဒုတ်ဆွဲ၊ ဓါးဆွဲ၊ ပုဆိုးကွင်းသိုင်းကာ ရန်ဖြစ်စေဖို့ ဆိုလိုခြင်းမဟုတ်တာကိုတော့ နားလည်ကြမည်ဟု ယူဆပါသည်။ ဒီလိုပေါက်ကရ ဩဝါဒတွေ၊ မှားယွင်းသောသွန်သင်ချက်တွေ၊ မိစ္ဆာပရောဖက်တွေ စသဖြင့်တွေကို ဆဲဆို ရန်ဖြစ်နေရန်လည်း မဟုတ်ပါ။ သို့သော်လည်း ငြိမ်ခံနေ၍ ထိုသူတို့နှင့် အလားတူသယောင် လုပ်နေရန်လည်း မလိုချေ။ ကျွန်ုပ်တို့၏ တလွဲဆံပင်ကောင်း သည်းခံခြင်းသည် အယူလွဲသမားများ၏ မှားယွင်းသော ဩဝါဒတွေ၊ အလွဲသွန်သင်ချက်တွေ၊ မိစ္ဆာပရောဖက်တွေကို အားပေးသလိုဖြစ်ကာ ပိုမို ပြန့်ပွားလာစေခဲ့သည်ကို ယနေ့ခေတ်သည် သက်သေပဲဖြစ်ပါသည်။ ထိုအရာများသည် ရှိနေမည်ဆိုသည်မှာ မှန်ပါသော်လည်း ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန်များကလည်း ကောင်းသော တိုက်လှန်ခြင်းကိုတော့ ပြုရမည် မဟုတ်ပါလား။
ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၃:၁၅
စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြော ခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။
အယူလွဲကြောင်း၊ မှားနေကြောင်း၊ မှားယွင်းသောဩဝါဒတွေဖြစ်ကြောင်း၊ မိစ္ဆာပရောဖက်ဖြစ်ကြောင်း မပြောမိလျှင် လမ်းလွဲသွားစေမည့် သူများကို စဥ်းစားကြည့်လျှင်ပင် စိတ်မကောင်းစရာပင်။ ရုပ်ရှင်ထဲမှ စကားအရဆိုလျှင်တော့ တန်ဖိုးမထားသည့်အရာတွေမို့သာလျှင် သည်းခံလိုက်ခြင်းဖြစ်နေပေဦးမည် မဟုတ်ပါလား။ ခရစ်ယာန်တို့၏ တန်ဖိုးထားရာ စံလည်းဖြစ်သည့် သမ္မာကျမ်းစာ၊ ခံယူယုံကြည်ချက်၊ ယေရှုသည် ခရစ်တော်ဖြစ်သည်ဆိုသည်များကိုသာ တန်ဖိုးထားလျှင်တော့ ထိုအရာများကို လွဲမှားစေသည့်အရာများကို လွဲသည်ဟု ရိုးရိုးလေး ပြောရဲမည်ဖြစ်သည်ဟု ကျွန်ုပ်လုံးဝယုံကြည်သည်။
ထို့ကြောင့် ကျွန်ုပ်တို့ ခရစ်ယာန်များသည် မိမိတို့တန်ဖိုးထားရာ ခံယူယုံကြည်ချက်များကို ဆန့်ကျင်နေသည့်အရာများကို သမ္မာတရားနှင့် လွဲလျှင် လွဲနေကြောင်းကို သည်းခံရန်မလိုဘဲ ပြောရဲရန်လိုပေမည်။ ထိုသို့ ပြောရာတွင်လည်း ဒုတ်ဆွဲ၊ ဓါးဆွဲ ရန်ဖြစ်ရန်၊ ရန်တွေ့ဖို့ရန်မဟုတ်ဘဲ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်သာ ပြန်လည်ကာဖြေရှင်းရန်၊ ပြောပြရန်၊ သည်းခံရန်မဟုတ်ဘဲ ကောင်းသောတိုက်လှန်ခြင်းပြုရန်အလို့ငှာ အသင့်အနေအထားရှိနေဖို့ရန်လိုအပ်သည် မဟုတ်ပါလား။
ထို့ကြောင့် ကျွန်ုပ်၏ မေးခွန်းသည် "မိတ်ဆွေ တကယ်ဘဲ သမ္မာတရား၊ သမ္မာကျမ်းစာ၊ ခရစ်ယာန်တို့၏ ခံယူယုံကြည်ချက်၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း စသဖြင့် စသဖြင့်တို့ကို တန်ဖိုးထားပါသလား ဟုပင် ဖြစ်ပေတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet